ကိုယ့်ကိုယ်ကိုယ် အကြီးမားဆုံးဖိအားတွေပြန်ပေးပြီး ခြေစွမ်းပြသနိုင်ဖို့ လုပ်သွားမှာပါ – ဟယ်ရီကိန်း

လတ်လောကာလတွေမှာ ခြေစွမ်းကျဆင်းနေပေမယ့် အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်မယ်လို့ ယုံကြည်ကြောင်း တိုက်စစ်မှူး ဟယ်ရီကိန်းကပြောပါတယ်။
ဟယ်ရီကိန်းဟာ စပါးအသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ ဂိုးရဖို့ရုန်းကန်နေရပြီး ဟန်ဂေရီနဲ့ ပွဲမှာလည်း အင်္ဂလန်အတွက် ခြေစွမ်းပြသနိုင်ခြင်း မရှိခဲ့လို့ ဝေဖန်ခံနေရတာပါ။
ထိပ်တန်းကစားသမားတစ်ဦး ခြေစွမ်းပြသနိုင်ခြင်းမရှိပါက ဝေဖန်မှုတွေ ရှိလာမှာကို နားလည်ကြောင်း၊ ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်း နိုင်ငံနဲ့ ကလပ်အတွက် အကောင်း ဆုံးခြေစွမ်းမရခဲ့တာကလည်း မှန်ကန်ကြောင်း ဟယ်ရီကိန်းကပြောပါတယ်။
“နောက်ဆုံး အချိန်ထိ ကိုယ့်ကိုယ်ကိုယ် အကြီးမားဆုံး ဖိအားတွေပြန်ပေးပြီး ခြေစွမ်းပြသနိုင်ဖို့ လုပ်သွားမှာပါ။ ဘယ်အချိန်မှာမဆို ယုံကြည်မှုရှိတဲ့သူဆိုတာ ကျနော့်ကို သိတဲ့သူတိုင်း သိကြမှာပါ။ ထိပ်တန်းအားကစားသမားတိုင်းက ဒီလိုဝေဖန်မှုတွေရှိကြတာ မဆန်းပါဘူး။”
ဟယ်ရီကိန်းဟာ မနေ့ညက ကစားခဲ့တဲ့ ဟန်ဂေရီနဲ့ပွဲမှာ ခြေစွမ်းမပြနိုင်ခဲ့လို့ ပွဲချိန် ၇၆ မိနစ်မှာ တမ်မီအေဗရာဟမ်နဲ့ လူစားလဲခံခဲ့ရပါတယ်။