close

မုံရွာနှင့် ဘုတလင်တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်နဲ့ မုံရွာမြို့နယ်က ကျေးရွာတွေအတွင်း စစ်ကောင်စီတပ်တွေက အောက်တိုဘာ ၁၂ ရက်နေ့ ညနေပိုင်းမှာ ပစ်ခတ်ခဲ့တာကြောင့် အပြစ်မဲ့ ရွာသား ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

မုံရွာနဲ့ ဘုတလင်မြို့နယ် အစပ်ကြားမှာ မနေ့ နေ့လယ် ၂ နာရီလောက်က ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် တပ်ပြန်ဆုတ်လာတဲ့ စစ်ကောင်စီတပ်တွေက ညနေပိုင်းမှာ ကျေးရွာတွေအတွင်း ရမ်းသမ်းပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “တပ်ပြန်ဆုတ်တဲ့ မုံရွာ လမ်းဘေးက ကျေးရွာတွေအထဲရော၊ လမ်းမှာတွေတဲ့သူ အကုန်လုံးကိုရောပစ်ခတ်တယ်ဗျ။” လို့ ပြောပါတယ်။

စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ကံသစ်ကျေးရွာက နွားကျောင်းနေတဲ့ ကလေးငယ် တစ်ဦး ပေါင်မှာ ဒဏ်ရာရခဲ့ပြီး ဖန်းခါးကျင်ရွာက တစ်ဦးကတော့ ဗိုက်မှာ ဒဏ်ရာရခဲ့တာလို့  ဆိုပါတယ်။

ဘုတလင်မြို့နယ်မှာလည်း ၁ ဦး ဒဏ်ရာရပြီး နွားနှစ်ကောင်သေဆုံးကာ နေအိမ်အမိုးအကာနဲ့နံရံအချို့ ပျက်စီးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ ပရဟိတသမားတဦးက ပြောပါတယ်။

“ကျနော်တို့ ဘုတလင်က ကလေးကတော့ ပေါက်ကျည်နှစ်ချက်ထိမှန်တယ်ဗျ။ ထိခိုက်ဒဏ်ရာရရှိသူရဲ့ နောက်ဆုံးအခြေအနေက မသိရသေးဘူး။”

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း ပုလဲ-ဂန့်ဂေါသွား ကားလမ်းမကြီး မိုင်တိုင်အမှတ် ၅၆ မိုင်အနီးမှာလည်း စစ်ကောင်စီယာဉ်တန်းကို အောက်တိုဘာ ၁၂ ရက်နေ့ ညနေ ၄ နာရီကျော် လောက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ PAR ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ဂျပန်ကြီးက DVB ကို အတည်ပြုပြောဆိုပါတယ်။

“ကျနော်တို့ PRA အဖွဲ့တပ်ရင်း ၄ က ကိုရာဇာအဖွဲ့က တိုက်ခိုက်ခဲ့တယ်ဗျ။ စစ်ကောင်စီဘက်က တော့ ၈ ဦး ကျမယ်ဗျ။ ဒဏ်ရာရရှိသူတွေလည်း အများအပြား ရှိတယ်။”

ပုလဲမြို့နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ ယာဉ်တန်းကို အောက်တိုဘာလ ၁၂ ရက်နေ့ တရက်တည်း မိုင်း ၄ ကြိမ်ထက်မနည်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကာ စစ်ကောင်စီတပ်သား အများအပြား ကျဆုံးတာတွေလည်း ရှိပါတယ်။ 

အဲဒီလို အတိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်က လူနေအိမ်အများအပြားကို မီးရှို့ ဖျက်ဆီးတာတွေလည်း လုပ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up