close

စစ်ကိုင်းနှင့် မကွေးက တော်လှန်ရေးရဲဘော်များအတွက် အားလုံးပါဝင် လှူဒါန်းနိုင်

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုကို ရရာလက်နက်စွဲကိုင် တော်လှန်နေကြတဲ့  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တော်လှန်ရေး ရဲဘော်တွေအတွက် သီတင်းကျွတ်မုန့်ဖိုးကမ်ပိန်းမှာ အားလုံးပါဝင်လှူဒါန်းနိုင်ဖို့ ဖိတ်ခေါ် ထားပါတယ်။

နှစ်စဉ် ရိုးရာသီတင်းကျွတ်ကာလမှာ လူကြီးလူငယ် တွေ့ဆုံဂါဝရပြု မုန့်ဖိုးပေးကြတဲ့ ဓလေ့အတိုင်း ဒီကမ်ပိန်းကရရှိလာမယ့် သီတင်းကျွတ်မုန့်ဖိုးတွေအားလုံးကို အဆိုပါ တိုင်းဒေသကြီး ၂ ခုက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ ပေးပို့ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်သားတွေဟာ ဒီနှစ်သီတင်းကျွတ်ကာလမှာ မိသားစုဆွေမျိုးတွေနဲ့ ဝေးကွာနေရပြီး အကြမ်းဖက်စစ်တပ်ကို ချေမှုန်းနိုင်ဖို့အတွက် တောထဲတောင်ထဲမှာ လေ့ကျင့်ပြင်ဆင် တိုက်ခိုက်နေကြတာဖြစ်ပြီး ရဲဘော်တွေ အမြန်ဆုံးတိုက်ပွဲအောင်မြင်ပြီး မိသားစုအိမ်ပြန်နိုင်ဖို့အတွက် ပြည်သူတွေရဲ့ အထောက်အပံ့များစွာကို နေ့စဉ်လိုအပ်နေ တာ ဖြစ်ပါတယ်။

ဒီသီတင်းကျွတ်မုန့်ဖိုး ကမ်ပိန်းကိုတော့ ဒီကနေ့ အောက်တိုဘာ ၁၃ ရက်ကနေ ၁၆ ရက် နေ့အထိ ၄ ရက်ကြာ ရဲဘော်တွေကို မုန့်ဖိုးပေးထောက်ပံ့လိုတဲ့ ပြည်သူတွေအနေနဲ့ ဆေးတက္ကသိုလ် ၁ ကျောင်းသားသမဂ္ဂနဲ့ ရန်ကုန်နည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဖေ့စ်ဘွတ်ခ်စာမျက်နှာ chat box တွေကတဆင့် ဆက်သွယ်လှူဒါန်းနိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်က စတင်ကာ အကြမ်းဖက်စစ်အုပ်စုက မတရား အာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၈ လ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီကာလတွေအတွင်း စစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီး ထောင်ချခံရသူတွေနဲ့အတူ နိုင်ငံတဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)ရဲ့ ထုတ်ပြန်ချက်အရ လတ်တလောအချိန်ထိ အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ ၁၁၆၀ ကျော်၊ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူပေါင်း ၈,၈၀၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကတော့ စစ်အာဏာရှင် ဆန့်ကျင်ရေး ခုခံတွန်းလှန် စစ်စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက် စစ်အုပ်ချုပ်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်က ကြေညာထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up