close

ကော့ကရိတ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် နေအိမ် ၂ လုံးပျက်စီး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တောင်ဘက် ရွာသစ်ကျေးရွာကို အကြမ်းဖက် စစ်ကောင်စီရဲ့တပ်က  လက်နက်ကြီးနဲ့ပစ်ခတ်လို့  လူနေအိမ်တွေပျက်စီးပြီး  တိရစ္ဆာန်တွေ ထိမှန် သေဆုံးတာတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အောက်တိုဘာလ ၁၄ ရက်မနက် ၁၁ နာရီလောက်က ကော့ကရိတ်မြို့အထွက်နားက နယ်မြေခံတပ်ရင်းဖြစ်တဲ့ ခမရ ၂၃၀ က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာပါ။

ရွာသစ်ကျေးရွာသားတစ်ဦးက"လက်နက်ကြီးပစ်တာကတော့ တိုက်ပွဲစဖြစ်တဲ့နေ့ကတည်းက ပစ်နေတာ။ ဒီမနက်ပစ်တဲ့ လက်နက်ကြီးတွေက ရွာထဲက နေအိမ်နှစ်လုံးပေါ် ကျရောက်ပေါက်ကွဲလို့ အိမ်တွေတော့ ပျက်စီးသွားတယ်။ လူတွေက အိမ်မှာမရှိလို့ တော်သေးတယ်။ အိမ်မွေး တိရစ္ဆာန်တွေတော့ ထိကုန်တယ်။တိုက်ပွဲစဖြစ်တည်းက လူတွေက ထွက်ပြေးတိမ်းရှောင်နေရတယ်"လို့ ပြောပါတယ်။

အောက်တိုဘာ ၉ ရက်မှ  ၁၂ ရက်အထိ  ရွာသစ်ကျေးရွာအနီး နယ်​မြေကျူးကျော်ဝင်ရောက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကေအန်ယူတို့ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ခမရ ၅၅၆ တပ်ရင်းက ဗိုလ်အပါအဝင်  ၁၁ ဦးကျဆုံးပြီး ၂၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

​အဆိုပါ တိုက်ပွဲဖြစ်ပွားနေစဥ်အတွင်း အကြမ်းဖက်စစ်တပ် ခမရ- ၅၅၆ က လက်နက်ကြီး အချက် ၃၀ လောက်ပစ်ခတ်ခဲ့တဲ့အတွက် တတာကူး ကျေးရွာသူ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

တိုက်ပွဲအတွင်း ပစ်ခတ်မှုတွေကြောင့် ရွာသစ်ကျေးရွာနဲ့ ကမိုင်ကုန်းကျေးရွာက ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ကော့ကရိတ်မြို့ အာရှလမ်းမကြီးဘေးကနေ တပ်မဟာ ၆ ထိန်းချုပ်နယ်မြေအတွင်းကို နယ်မြေကျူးကျော်ဝင်ရောက်ဖို့ လုပ်ဆောင်လာတာတဲ့အတွက် တိုက်ပွဲတွေဖြစ်ပွားနေတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up