ပြည်မြို့က ကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်ဖြင့်ပစ်ခံရ

ပဲခူးတိုင်းပြည်မြို့ လွှစင်အုပ်စု ဆီဆုံကုန်းကြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးစိုး အောက်တိုဘာ ၂၈ ရက်နေ့ည ၇ နာရီလောက် သေနတ်နဲ့ ပစ်ခတ်ခံရပြီး ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတစ်ဦးက “ဗျောက်ဖောက်တယ်ထင်နေတာ၊ အုပ်ချုပ်ရေးမှူးက အရက်ဆိုင်ထဲ ထိုင်နေတာ၊ ဝင်ပစ်သွားတာ။ ၅ ချက်လောက်ပစ်ခံလိုက်ရတယ်၊ သေလားတော့ အတိအကျမသိရသေးဘူး” လို့ ပြောပါတယ်။
သေနတ်နဲ့ပစ်ခတ်ခံရသူ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးစိုးဟာ ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးလည်း ဖြစ်ပြီး စစ်ကောင်စီတပ်တွေနဲ့ တရင်းတနှီးရှိသူဖြစ်တယ်လို့ သိရပါတယ်။
ပြည်မြို့မှာ အောက်တိုဘာ ၂၇ ရက်နေ့ညကလည်း သူနာပြုသင်တန်းကျောင်းနဲ့ သံလမ်းတို့မှာ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။