ဆူဒန်၌ ဆန္ဒပြသူများအပေါ် အကြမ်းဖက်မှု အမေရိကန်လက်မခံ

ဆူဒန်လုံခြုံရေးတပ်ဖွဲ့တွေဟာ လူ့အခွင့်အရေးကို လေးစားလိုက်နာရမှာဖြစ်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက်မှု မှန်သမျှကို လက်မခံနိုင်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီဘလင်ကန်က အောက်တိုဘာ ၃၀ ရက်မှာ ပြောလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ဒီမိုကရေစီရေးအတွက် အကြမ်းမဖက် တိုက်ပွဲဝင်နေတဲ့ ဆူဒန်ပြည်သူတွေနဲ့အတူ ဆက်လက်ရပ်တည်သွားမှာဖြစ်ကြောင်း တွစ်တာပို့စ်မှာ ပြောကြားခဲ့ပါတယ်။
ဆူဒန်မှာ အရပ်သားဦးဆောင်တဲ့ အစိုးရကို ပြန်လည်ထူထောင်ဖို့ လုပ်ဆောင်နေပြီး သူတို့ရဲ့ ဒီမိုကရေစီ မျှော်မှန်းချက်တွေကို မြှင့်တင်နေတဲ့ ဆူဒန်ပြည်သူတွေနဲ့အတူ အမေရိကန်အစိုးရက ရပ်တည်နေပါတယ်လို့ အမေရိကန်ဒုသမ္မတ ကာမလာ ဟာရစ်စ်ကလည်း သူ့ရဲ့တွစ်တာပို့စ်မှာ ပြောထားပါတယ်။
ဆူဒန်နဲ့ တောင်ဆူဒန်နိုင်ငံဆိုင်ရာ ဗြိတိန် အထူးကိုယ်စားလှယ် ရောဘတ်ဖယ်ရာဝယ်သာကလည်း လုံခြုံရေးတပ်ဖွဲ့တွေဟာ ဆူဒန်ပြည်သူတွေရဲ့ဆန္ဒပြခွင့်ကို လေးစားလိုက်နာရမယ်လို့ မနေ့က ပြောကြားခဲ့ကြောင်း နိုင်ငံခြား၊ ဓနသဟာယနှင့် ဖွံ့ဖြိုးတိုးတက်ရေးရုံးက သူ့ရဲ့ အာရဗီဘာသာနဲ့ အကောင့်မှာ ကိုးကားဖော်ပြခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်လောက်ကလည်း ဆူဒန်အမျိုးသားတွေနဲ့ အဗဒဲလ်ဆာလမ်ခီရှာလို အမျိုးသမီးတွေဟာ သူတို့ရဲ့ လွတ်လပ်ခွင့်အတွက် လမ်းမတွေပေါ် ထွက်ခဲ့ကြရပြီး ဒါမျိုး ထပ်မလုပ်သင့်ပါဘူးလို့ ဆူဒန်နိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးရဲ့ ပြောကြားချက်ကို ခါတွန်မြို့တော်မှာ ရုံးစိုက်ထားတဲ့ ဗြိတိသျှသံရုံးရဲ့ တွစ်တာပို့စ်မှာ တင်ထားပါတယ်။
ဆယ်စုနှစ်များစွာ အာဏာရှင်အုပ်ချုပ်ခဲ့တဲ့ ဆူဒန်မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေဟာ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိစေဖို့နဲ့ အရပ်သားဦးဆောင်သော အစိုးရတစ်ရပ် ပြန်လည်ထူထောင်ဖို့ စနေနေ့မှာ နိုင်ငံတစ်ဝန်း ဆန္ဒပြကြဖို့ တောင်းဆိုခဲ့ကြပါတယ်။