ဆူဒန် စစ်အာဏာရှင်ကို ပြည်သူထောင်ချီ ဆန္ဒပြ

ဆူဒန်ဆန္ဒပြသူတွေဟာ အောက်တိုဘာ ၂၈ ရက်က ခါတွန်မြို့ရဲ့ လမ်းမတွေပေါ်မှာ စစ်အာဏာရှင်အသစ်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။
လက်နက်ကိုင်တပ်ဖွဲ့အကြီးအကဲ ဗိုလ်ချုပ်ကြီး အဗဒဲလ်ဖာတာအယ်လ်ဘာဟန် ဦးဆောင်တဲ့ အောက်တိုဘာ ၂၅ ရက် အာဏာသိမ်းလိုက်ကတည်းက လူထောင်ပေါင်းများစွာ ဆန္ဒပြခဲ့ကြပြီး လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ရုန်းရင်းဆန်ခတ်မှုတွေအတွင်း အနည်းဆုံး ၁၁ ဦး သေဆုံးခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး အယ်လ်ဘာဟန်ဟာ အောက်တိုဘာ ၂၆ ရက်မှာတော့ ပြည်တွင်းစစ်ကို ရှောင်ရှားဖို့ အစိုးရကို ဖြုတ်ချခဲ့ကြောင်း ပြောဆိုပြီး စစ်တပ်ရဲ့အာဏာသိမ်းမှုကို ကာကွယ်ခဲ့ပါတယ်။
ဆူဒန်နိုင်ငံရဲ့ ထိပ်တန်းဗိုလ်ချုပ်ကြီး အယ်လ်ဘာဟန်ကို ရာထူးက ဆင်းပေးဖို့ လမ်းပေါ်ထွက်လာတာဖြစ်ပြီး အရပ်ဘက်စနစ်တစ်ခုကို တောင်းဆိုပါတယ်လို့ ဆန္ဒပြပြည်သူတဦးက ပြောပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေပါ ရေးသားပြဋ္ဌာန်းထားချက်တွေအရ အရပ်ဘက်စနစ်ကို လွှဲပြောင်းပေးရုံက လွဲလို့ သူ့ဆီက ဘာမှ မလိုချင်ပါဘူးလို့လည်း ပြောပါတယ်။
ဆန္ဒပြသူတွေဟာ အောက်တိုဘာ ၃၀ ရက်မှာ သန်းနဲ့ချီတဲ့ လူထုပါဝင်မှုကို သက်သေပြမယ့် ကြီးမားတဲ့ ဆန္ဒပြပွဲကြီးလုပ်ဖို့ စီစဉ်နေပါတယ်။
အရပ်ဘက်အုပ်ချုပ်ရေးကို မစွန့်လွှတ်ဘဲ အရပ်ဘက်စနစ်ကို ထောက်ခံနေတယ်ဆိုတာကို စစ်တပ်ကလူတွေ သိအောင် ပြချင်လို့ ၃၀ ရက်နေ့ကို စောင့်မျှော်နေပါတယ်လို့ ဆန္ဒပြပြည်သူတဦးကလည်း ပြောပါတယ်။