close

မန္တလေးဈေးကွက်တွင် စမုံစပါးနှင့် စမုံနက် စံချိန်တင်ဈေးနှုန်းမြင့်တက်

အောက်တိုဘာလကုန်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်က ဝယ်လိုအား ကောင်းနေတာကြောင့် မန္တလေး ဈေးကွက်အတွင်း  စမုံစပါးနဲ့ စမုံနက်တို့ ဈေးနှုန်းစံချိန်တင်မြင့်တက်နေတယ်လို့ ပွဲရုံပိုင်ရှင်တွေဆီက သိရပါတယ်။

စမုံစပါးဈေးနှုန်းဟာ တစ်ပိသာကို  ၁၆၀၀ ကျပ် ဝန်းကျင်လောက် ပေါက်ဈေးရှိခဲ့ရာက ၂၆၀၀ အထိ ပေါက်ဈေးရှိနေပြီး စမုံနက်ကတော့ ၄၅၀၀ လောက်ပေါက်ဈေးရှိခဲ့ရာက အခုအချိန်မှာတော့ ၇၅၀၀ လောက်အထိ ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။ 

မန္တလေးမြို့ က ပွဲရုံပိုင်ရှင်တစ်ဦးက  “အခုရက်ပိုင်းမှာ မန္တလေးဈေးကွက်ထဲမှာ ဟင်းခတ်အမွှေး အကြိုင်ထဲမှာ ထည့်သွင်းအသုံးပြုတဲ့ စမုံစပါးတို့ စမုံနက်တို့ဟာ ဈေးတွေဟာ မြင့်တက်လျက်ရှိပါတယ်။ ဘာလို့မြင့်တက်လဲဆိုရင် ကျနော်တို့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ရဲ့ ဝယ်လိုအား ကြောင့်မို့လို့ အခုလိုမြင့်တက်လာပါတယ်။” 

ပြည်တွင်းအနေနဲ့ စမုံစပါးနဲ့ စမုံနက်ကို အသုံးပြုမှုနည်းပါးပြီး အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှိနိုင်ငံတွေကတော့ ဟင်းခတ်အမွှေးအကြိုင်အဖြစ်အသုံးပြုကြတာဖြစ်တယ်လို့ သိရပါတယ်။

ပြည်ပကိုတင်ပို့တဲ့ သီးနှံတွေထဲမှာ စမုံစပါးနဲ့ စမုံနက်က ဈေးနှုန်းဟာ ထိပ်ဆုံးမှာရှိနေတယ်လို့ ပွဲရုံပိုင်ရှင် နောက်တစ်ဦးက ပြောပါတယ်။

“စမုံနက်အနေနဲ့ကတော့ တစ်ပိဿာကို ၇၅၀၀ ဈေး ဖြစ်နေတဲ့ဟာကတော့  ပြည်ပဝင်ငွေရတဲ့ ဥပမာ ပဲစိမ်းငုံတို့၊ မတ်ပဲတို့၊ ပဲတီစိမ်းတို့၊ အခြားကြံတို့၊ ဝါတို့ စတဲ့သီးနှံတွေထဲမှာ ဆီထွက်သီးနှံတွေ နှမ်းတို့၊ မြေပဲတို့နဲ့ ယှဉ်ကြည့်လိုက်ရင် အားလုံးထဲမှာ စမုံနက်ဈေးဟာဆိုရင် တစ်ပိသာကို ၇၅၀၀ ဆိုတာ အားလုံးထဲမှာ သူက ထိပ်ဆုံးကရှိပါတယ်။ စမုံစပါးရော စမုံနက်ရော ပြည်တွင်းအနေနဲ့ကတော့ အသုံးပြုတာဟာ အိန္ဒိယတို့ ဘင်္ဂလားဒေ့ရှ်တို့နဲ့ စာရင် အသုံးပြုတာ နည်းပါးပါတယ်။”

စမုံစပါးနဲ့ စမုံနက်ဟာ မြစ်ဝကျွန်းပေါ်ဒေသနဲ့ တောင်ပေါ်ဒေသတွေမှာ ဖြစ်ထွန်းအောင်မြင်လေ့ မရှိဘဲ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသတွေမှာသာ စိုက်ပျိုးအောင်မြင်တဲ့ သီးနှံဖြစ်တယ်လို့ သိရပါတယ်။ 

မြန်မာနိုင်ငံအတွင်းက စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းဒေသကြီးတွေမှာ အဓိက စိုက်ပျိုးကြတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up