ဘာစီလိုနာဥက္ကဋ္ဌ၏မှတ်ချက်အပေါ် နာကျင်ခံစားရကြောင်း မက်ဆီ ဖွင့်ဟ

ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာရဲ့ မှတ်ချက်စကားက နာကျင်ခံစားရကြောင်း မက်ဆီက ပြန်လည်တုံ့ပြန်လိုက်ပါတယ်။
မက်ဆီအနေနဲ့ ပီအက်စ်ဂျီအသင်းဆီ မပြောင်းဘဲ ဘာစီလိုနာအသင်းအတွက် လုပ်ခမယူဘဲ ကစားပေးဖို့ မျှော်လင့်ခဲ့ကြောင်း ဥက္ကဋ္ဌ လာပေါ်တာက ပြောခဲ့တာပါ။
ဘာစီလိုနာအသင်းဟာ မနှစ်က ပေါင် ၄၀၉ သန်း အရှုံးပေါ်ခဲ့ပြီး ပေါင် ၁ ဘီလီယံကျော် အကြွေးရှိနေတာကြောင့် မက်ဆီကို ဆက်ထိန်းနိုင်ခြင်း မရှိခဲ့သလို ဂရစ်မန်းကိုလည်း အငှားချခဲ့ရတာပါ။
မက်ဆီဘက်က လုပ်ခ တဝက်လျှော့ယူဖို့ သဘောတူညီခဲ့ပေမဲ့ ပီအက်စ်ဂျီအသင်းဘက်က ဆွဲဆောင်မှုရှိတဲ့ ကမ်းလှမ်းချက်တွေရရှိခဲ့ကြောင်း၊ အသင်းမပြောင်းရွှေ့ခင်နောက်ဆုံးအချိန်မှာ လုပ်ခမယူဘဲ ကစားပေးမယ်လို့ ပြောတာကို လိုချင်ခဲ့ကြောင်း လာပေါ်တာကပြောပါတယ်။
မက်ဆီကတော့ လာပေါ်တာရဲ့ စကားက နာကျင်ခံစားရပြီး လုပ်ခမယူဘဲ ကစားပေးပါလို့ တိုက်တွန်းတာလည်း မရှိခဲ့ကြောင်း၊ လစာတဝက်လျှော့ယူဖို့ သဘောတူခဲ့တာက ဘာစီလိုနာမှာ ဆက်ပြီးကစားချင်လို့ဖြစ်ကြောင်း၊ လာပေါ်တာရဲ့ မှတ်ချက်က လူတွေကို အထင်အမြင်လွဲမှားသွားစေနိုင်ကြောင်း ပြန်လည်ဝေဖန်ခဲ့ပါတယ်။