close

ဘုရားသုံးဆူ အ.ထ.က တွင် ကျောင်းစဖွင့်သည့်နေ့ ဗုံးပေါက်ကွဲ

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ အ.ထ.က (ကျောင်းကြီး)ကျောင်းမှာ နိုဝင်ဘာ ၁ ရက် နေ့လယ် ၂ နာရီခွဲလောက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ 

အ.ထ.က ကျောင်းရဲ့ ကွန်ပျူတာဆောင်နဲ့ ဘောလုံးကွင်းကြား ပေါက်ကွဲခဲ့တာဖြစ်ပြီး ဗုံးပေါက်ကွဲမှုကြောင့် တစ်စုံတရာ ထိခိုက်ပျက်စီးတာ မရှိသလို ကျောင်းတက်သူမရှိတဲ့အတွက်  ကျောင်းသားကျောင်းသူတွေ ထိခိုက်ဒဏ်ရာတာ မရှိဘူးလို့ မျက်မြင်တွေ့ရှိသူက ပြောပါတယ်။

“ကျောင်းဖွင့်တယ်ကြေညာပြီး  ဆရာမတွေ သန့်ရှင်းရေးတာ ကြိုလုပ်ထားတယ်။ ကျောင်းက တစ်ယောက်မှ မတက်သေးဘူး။ စကစရဲ့ ကျွန်ပညာရေးစနစ်ကို အသိပေးလိုက်တဲ့ သဘောပဲထင်တယ်”လို့ ဆိုပါတယ်။

နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ကျရောက်လာမယ့် အသက်အန္တရာယ်တွေ၊ ကိုဗစ်ရောဂါကူးစက်မှုကို စိုးရိမ်တဲ့အပြင် စစ်ကောင်စီရဲ့ ပညာရေးကို လက်မခံနိုင်လို့ သားသမီးတွေကို ကျောင်းတက်ခွင့်ပြုမှာ မဟုတ်ဘူးလို့ ကျောင်းသားမိဘတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီက တိုင်းနှင့်ပြည်နယ် ၉ ခုရှိ မြို့နယ်ပေါင်း ၄၆ မြို့နယ်မှအပ နိုင်ငံတဝန်း အ​ခြေခံပညာကျောင်းတွေကို နိုဝင်ဘာလ ၁ ရက်နေ့ ပြန်လည်ဖွင့်လှစ်ရမယ်လို့ ညွန်ကြားခဲ့တဲ့  ကျောင်းစတင်ဖွင့်လှစ်တဲ့နေ့မှာပဲ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။

ကရင်​ပြည်နယ်အတွင်း ဖာပွန်နဲ့ သံတောင်ကြီးမြို့နယ် ၂ ခုမှအပ ကျန်နယ်တွေဖြစ်တဲ့၊ ဘားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်၊ မြဝတီနဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်တွေမှာ ကျောင်းအားလုံးနီးပါး ပြန်လည်ဖွင့်လှစ်ခဲ့ပေမယ့်  ကျောင်းတက်သူအနည်းငယ်သာရှိတယ်လို့ ပညာရေးဌာန ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားရာကို စစ်တပ်နဲ့ရဲတွေရောက်ရှိလာပြီး စစ်ဆေးနေကာ စာသင်ကျောင်းအနီးတဝိုက် လုံခြုံရေးရယူထားသလို မိန်းလမ်းမကြီးတလျှောက် အဟန့်အတားတွေပြုလုပ်ပြီး ဖြတ်သန်းသွားလာတဲ့ လူ၊ ဆိုင်ကယ်နဲ့ မော်တော်ယာဥ်တွေကို စစ်ဆေးစောင့်ကြည့်မှုတွေ တင်း​ကျပ်လုပ်ဆောင်နေပါတယ်။

ဘုရားသုံးဆူမြို့မှာ မေ ၂၉ ရက် ည ၁၀ နာရီလောက်ကလည်း  လက်နက်ကြီးပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုတွေကြောင့် အခြေခံပညာအထက်တန်းကျောင်းအပါအဝင် ကျောင်း ၃ ကျောင်း အနည်ငယ် ပျက်စီးခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up