close

မုံရွာနှင့် မြောင်တွင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ၄ ဦး သေဆုံး

စစ်ကိုင်းတိုင်း မုံရွာနဲ့ မြောင်မြို့နယ်တို့မှာ စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် ၁၄ နှစ်အရွယ် ကလေး ၁ ဦး အပါအဝင် ၄ ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြောင်မြို့နယ် မယ်မသော်ကျေးရွာမှာ နိုဝင်ဘာ ၂ ရက်နေ့ မနက် ၁၀ နာရီကျော်လောက်မှာ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာကြောင့် ၁၄ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်ရစ်မှာ တပ်ဆွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ဒီနေ့မနက် မယ်မသော်ကျေးရွာအတွင်း သေနတ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာတာလို့ မြောင်ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်တိုက်ဂါးက ပြောပါတယ်။

“အဲလိုဝင်လာလို့ ရွာသားတွေ ကြောက်လှန့် ထွက်ပြေးကြရတယ်။ အဲဒီလိုထွက်ပြေးပြီး မယ်မသော်ရွာနဲ့ ခပ်လှမ်းလှမ်း ဇရပ်တစ်ခုပေါ်မှာ မိဘမဲ့ ညီအစ်ကိုနှစ်ယောက်ထိုင်နေတယ်။ အစ်ကိုက အင်္ကျီအနက်ရောင်လေးဝတ်ထားတယ်။ အဲတာကို ရွာထဲကနေ စနိုက်ဘာနဲ့လှမ်းပစ်တာ အကိုဖြစ်သူကို နားထင်ကျည်ဖောက်ထွက်ပြီး နေရာတင်ပွဲချင်းပြီး သေသွားတယ်။  သေတဲ့ကလေးက ၁၄ နှစ်လောက်ရှိမယ်။ ညီဖြစ်သူက ၁၁ နှစ်လောက်ရှိမယ်ပေါ့” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် မယ်မသော်ရွာက ဦးဇင်းကြီးတစ်ပါးလည်း ဗိုက်ကို ကျည်ရှပ်ထိခဲ့တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၂ ရက်နေ့က ကျောက်ရစ်ကျေးရွာနဲ့ မြောင်မြိုပေါ်က စစ်ကောင်စီတပ်တွေဟာ  တောင်ထိပ်၊ မြှောက်ထိပ် ညှပ်ပိတ်ပြီး နယ်မြေရှင်းလင်းရေးလုပ်နေတာကြောင့် မင်းတန်းကျေးရွာ၊ ဘုန်း‌‌‌ကောင်းကျေးရွာ နဲ့ အနီးဝန်းကျင် ရွာ ၇ ရွာက ပြည်သူတွေ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

မုံရွာမြို့ ဘုရားနီလမ်း (အဇာနည်လမ်း) ထောင့်မှာလည်း အောက်တိုဘာ ၁ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်လောက် ဆိုင်ကယ်တားတာ ရပ်မပေးလို့ဆိုပြီး စစ်ကောင်စီတပ်က ပစ်ခတ်တာကြောင့် လူငယ် ၃ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဘုရားနီစစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်​​တွေတွေက ဆိုင်ကယ်တားတာရပ်မပေးလို့ဆိုပြီး လူငယ် ၃ ဦးကို အောင်သစ္စာလမ်းထိ လိုက်ပစ်တာ။ တစ်ဦးက ရန်ကင်းရပ်ကွက်ရုံးနားမှာ ဗိုက်ပွင့်ပြီး သေသွားတာ။ ကျန်နှစ်ဦးကို ဆက်ပြီးလိုက်ပစ်တာ ဗိုလ်တေဇလမ်း အောင်ဆေးခန်းအနီးမှာ နှစ်ယောက်လုံး ကျည်ထိပြီး အဲဒီမှာ ပွဲချင်းပြီး ​သေဆုံးသွားတယ်” ​လို့ အနီးဝန်းကျင်နေ ပြည်​သူတစ်​ဦးက​ ပြောပါတယ်​။

သေဆုံးသွားတဲ့ လူငယ် အမျိုးသား ၃ ဦး ဘယ်သူတွေဆိုတာ မသိရသေးဘဲ ရုပ်အလောင်းတွေကို အကြမ်းဖက်စစ်ကောင်စီတပ်တွေ သယ်ယူသွားတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up