ရုရှားနိုင်ငံတွင် ပြည်သူများကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်ရေး လုံးပန်းနေရ

ကိုဗစ်-၁၉ ကာကွယ်ဆေးကို ကမ္ဘာ့မှာ ပထမဆုံး ထုတ်လုပ်အတည်ပြုပြီး နိုင်ငံပေါင်း ၇၀ ကျော်ဆီကို တင်ပို့ရောင်းချခဲ့တဲ့ ရုရှားနိုင်ငံဟာ ကိုဗစ်ရောဂါကူးစက်ခံရသူတွေများလာပီဲး သူ့ပြည်သူတွေကို ကာကွယ်ဆေးထိုးပေးဖို့အရေး ရုန်းကန်နေရပါတယ်။
ဒီကိစ္စ အရေးပေါ်မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ကျန်းမာရေးဝန်ကြီးဌာနက ချက်ချင်းအကြောင်းမပြန်နိုင်သေးဘူးလို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။
ကာကွယ်ဆေးထိုးခံဖို့ တွန့်ဆုတ်နေကြတဲ့အပြင် အာဏာပိုင်တွေဆီက ရောထွေးနေတဲ့ သတင်းစကားတွေ၊ ရှေ့နောက်မညီတဲ့ မူဝါဒတွေ၊ မယုံကြည်ရတဲ့ ကိန်းဂဏန်းတွေ၊ ပြည်ထောင်စုနဲ့ ဒေသန္တရခေါင်းဆောင်တွေရဲ့ ခေါင်းရှောင်ဖို့ ကြိုးစားမှုတွေကြောင့် ကာကွယ်ဆေး မထိုးတာလို့ ဒေသခံတွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ထောက်ပြခဲ့ပါတယ်။
မော်စကိုမြို့တော် တောင်ဘက် ၁၈၅ မိုင်အကွာ အော်ရီယိုမြို့က ဆေးရုံတွေမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံ လူနာဦးရေ များနေလို့ ရုန်းကန်နေရတယ်လို့ ဒေသခံ ဆရာဝန်တွေက ပြောပါတယ်။
လူနာအများစုက အောက်ဆီဂျင်ပေးဖို့ လိုအပ်ပြီး အောက်စီဂျင်အိုး ပံ့ပိုးနိုင်စွမ်းက နည်းနေတယ်လို့ ဘော့ကင်ဆေးရုံက သမားတော်ကြီးက ပြောပါတယ်။
စက်တင်ဘာက ရုရှားမှာ စာသင်နှစ်အစဖြစ်လို့ အဆိုးရွားဆုံး ကိုဗစ်လှိုင်း စတင်ခဲ့တာ ခုဆို တတိယပတ်ထဲ ရောက်လာပြီဖြစ်ပြီး တချို့ဒေသတွေမှာ ကျောင်းသားတွေ အဝေးသင်စနစ်နဲ့ သင်ကြားဖို့ အိမ်ပြန်ပို့ခဲ့ပါတယ်။
အရင်လက ရုရှားမှာ ၂၄ နာရီအတွင်းကူးစက်ခံ သေဆုံးသူ ဦးရေ စံချိန်သစ်တင်တဲ့ရက်ပေါင်း ၂၁ ရက် ရှိခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။