ချင်းမိုင်တွင် AstraZeneca နှင့် Pfizer ကိုဗစ်-၁၉ ကာကွယ်ဆေးများ အခမဲ့ထိုးပေး

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်မှာ ကာကွယ်ဆေးရောက်ရှိကာစက လူတိုင်းရနိုင်ဖို့ခဲယဉ်းတဲ့ အင်္ဂလန်နဲ့ အမေရိကန်နိုင်ငံထုတ် AstraZeneca နဲ့ Pfizer အမျိုးအစား ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ အခမဲ့ထိုးပေးနေပြီ ဖြစ်ပါတယ်။
ချင်းမိုင်မြို့ရှိ ပရိုမီနာဒါကုန်တိုက်၊ စင်ထရယ်ကုန်တိုက်တွေ၊ ချင်းမိုင်ဆွန်ပုန်းစိတ္တဇဆေးရုံ၊ အပြည်ပြည်ဆိုင်ရာပြခန်း၊ ချင်းမိုင်တက္ကသိုလ်အစည်းအဝေးခန်းမဆောင်၊ ချင်းမိုင်ခရိုင်အာရုံကြော အထူးကုဆေးရုံ၊ နော့တ်တက္ကသိုလ်၊ ချင်းမိုင်မိခင်နှင့်ကလေးဆေးရုံ စတာတွေအပြင် သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ သတ်မှတ်နေရာမှာလည်း နယ်လှည့်ကျန်းမာရေးအဖွဲ့က ကွင်းဆင်းပြီး ထိုးနှံပေးနေတာပါ။
အဆိုပါဆေးတွေကို အသက် ၁၈ နှစ်ပြည့်ပြီး မည်သည့်ကာကွယ်ဆေးမှမထိုးနှံဖူးသူတွေ အနေနဲ့ ကြိုတင်အမည်စာရင်းပေးစရာမလိုဘဲ Walk In ချက်ချင်းသွားထိုးနိုင်ကြောင်း၊ ပထမ အကြိမ် AstraZeneca ထိုးရမှာဖြစ်ပြီး နောက် ၄ ပတ်အကြာ Pfizer အမျိုးအစား ထပ်ထိုးရမှာ ဖြစ်တယ်လို့ သက်ဆိုင်ရာ ကာကွယ်ဆေးထိုးနိုင်မယ့်ဌာနတွေက ကြေညာထားပါတယ်။
ကာကွယ်ဆေးထိုးရမယ့်နေ့ရက်မှ ၂၀၂၁ နိုဝင်ဘာ ပထမပတ်ထဲမှာဖြစ်ပြီး နေရာတ နေရာနဲ့တနေရာ နေ့ရက်နဲ့အချိန်မတူညီလို့ မိမိသွားထိုးလိုတဲ့နေရာကို ကြေညာချက်ထဲမှာကြည့်ပြီး သွားထိုးရမှာဖြစ်ပါတယ်။
ချင်းမိုင်ခရိုင်မှာ ဒီမတိုင်ခင်က သာမန်လူတွေအနေနဲ့ တရုတ်နိုင်ငံထုတ် စီနိုဗက်နဲ့ စီနိုဖန်းအမျိုး အစားတွေကိုသာ အခမဲ့ထိုးနှံနိုင်ပြီး Pfizer ကိုတော့ နိုင်ငံခြားသားတွေ၊ ပညာတော်သင်တွေ၊ အသက် ၆၀ အထက် သက်ကြီးရွယ်အိုတွေကိုသာ ဦးစားပေး ထိုးနှံပေး ခဲ့ပါတယ်။ အဲဒီနောက် အသက် ၁၈ နှစ်အောက် ကျောင်းသားကျောင်းသူတွေကို ထိုးနှံ ပေးခဲ့ပါတယ်။
ချင်းမိုင်ခရိုင်မှာ လတ်တလောကိုဗစ်-၁၉ ကူးစက်မှုတွေ ပြန်မြင့်တက်နေပြီး ဒီကနေ့ နိုဝင်ဘာ ၂ ရက်ထုတ်ပြန်ချက်အရ ကူးစက်ခံရသူ လူနာသစ် ၃၂၂ ဦးရှိပါတယ်။
ပြီးခဲ့တဲ့ ဧပြီလမှ ဒီနေ့ထိ ကူးစက်ခံရသူပေါင်း ၁၇၃၄၁ ဦး၊ သက်သာပျောက်ကင်းသူ ၁၂၅၉၇ ဦး၊ လက်ရှိ ဆေးရုံပေါ်မှာ ကုသခံနေသူ ၄၄၂၇ ဦး သေဆုံးသူ ၆၁ ဦး ရှိပါတယ်။ ပထမအကြိမ် ကိုဗစ် ကာကွယ်ဆေးထိုးပြီးသူ ၁၁၁၃၀၀၈ ဦးရှိတယ်လို့ ခရိုင်ကိုဗစ်ထိန်းချုပ်ကွပ်ကဲရေးကော်မတီက ထုတ်ပြန်ထားပါတယ်။