နယူးကာဆယ်နည်းပြရာထူးနှင့်ပတ်သက်၍ ဆွေးနွေးနေဟု အူနိုင်းအမ်မရီ ထုတ်ပြော

ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်အသင်းနည်းပြရာထူးနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေရှိတယ် လို့ စပိန်နည်းပြ အူနိုင်းအမ်မရီကပြောပါတယ်။
ဗီလာရီးယဲလ်အသင်းက ယန်းဘွိုင်းအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပြီးမှာ မီဒီယာတွေရဲ့ မေးမြန်းမှုကို အမ်မရီက ပြန်လည် ဖြေကြားခဲ့တာပါ။
နယူးကာဆယ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး တရားဝင်ကမ်းလှမ်းချက်တော့ မရှိသေးပေမယ့် အပြောင်းအရွှေ့အတွက် လမ်းဖွင့်ထားတယ်လို့ အမ်မရီက အတိအလင်း ပြောပါတယ်။
“တရားဝင်ကမ်းလှမ်းလာရင်တော့ ဗီလာရီးယဲလ်အသင်းဥက္ကဋ္ဌနဲ့ ဆွေးနွေးပြီး ဆုံးဖြတ် ချက်ချသွားမှာပါ။ နယူးကာဆယ်ကစိတ်ဝင်စားနေတာနဲ့ ပတ်သက်လို့ တံခါးပိတ်ထားတာမရှိသလို ဖွင့်ထားတာမျိုးလည်းမဟုတ်ပါဘူး” အူနိုင်းအမ်မရီကပြောပါတယ်။
စပိန်နည်းပြ အမ်မရီဟာ ဆီဗီလာအသင်းနဲ့အတူ နာမည်ကြီးခဲ့ပြီးနောက် ပီအက်စ်ဂျီနဲ့ အာဆင်နယ်အသင်းတွေကို နည်းပြခဲ့ဖူးပါတယ်။
အမ်မရီကို ခေါ်ယူလိုတယ်ဆိုရင် စာချုပ်လျော်ကြေးပေါင် ၆ သန်းလောက် ပေးရဖို့ရှိပြီး နယူးကာဆယ်ဘက်က ပေးချေရင် အပြောင်းအရွှေ့ဖြစ်နိုင်တယ်လို့သိရပါတယ်။