close

ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် IMF က ပေးသည့် ဒေါ်လာ ၃၇၂ သန်း စစ်ကောင်စီလက်ထဲ ပျောက်ဆုံးနေ

ကိုဗစ်-၁၉ ကာကွယ်တိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံကို လွှဲပြောင်းပေးပို့လိုက်တဲ့ အမေရိကန်ဒေါ်လာ ၃၇၂ သန်းဟာ စစ်အာဏာရှင်တွေ လက်ထဲမှာ ပျောက်ဆုံးနေကြောင်း  IMF ပြောခွင့်ရသူ ဂျယ်ရီရိုက်စ်က နိုဝင်ဘာ ၃ ရက်နေ့က ပြောကြားလိုက်ပါတယ်။ 

အဲဒီငွေတွေကို စစ်တပ်က အာဏာသိမ်းဖို့  ရက်ပိုင်းအလိုမှာ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF  ကလွှဲပေးခဲ့တာလို့ဆိုပါတယ်။

မြန်မာပြည်ပေးပို့ခဲ့တာ ၈ လ ကြာပြီဖြစ်ပေမယ့် စစ်ကောင်စီက ကိုဗစ်-၁၉ ကာကွယ် တိုက်ဖျက်ရေးနဲ့ ဒုက္ခရောက်နေသူတွေကို ပံ့ပိုးကူညီရေး မူလရည်မှန်းချက်အတိုင်း အမှန်တကယ် သုံးစွဲပါရဲ့လားဆိုတာ မသိရဘူးလို့ IMF ပြောခွင့်ရသူ ဂျယ်ရီရိုက်စ်(GERRY RICE) က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အန်အယ်လ်ဒီအစိုးရလို သုံးစွဲငွေတွေနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု မရှိကြောင်း  ကိုဗစ်-၁၉ ကာကွယ်တိုက်ဖျက်ရေးအတွက် IMF က ပြီးခဲ့တဲ့ ၂ဝ၂ဝ ခုနှစ် ဇွန်လမှာ အမေရိကန်ဒေါ်လာ ၃၅၆ သန်း ကို ပထမအကြိမ် ပေးပို့ခဲ့ကြောင်း အဲဒီငွေတွေနဲ့ ပတ်သက်လို့ အန်အယ်လ်ဒီအစိုးရက မြန်မာကျပ်ငွေ သန်း ၁ဝဝ ထက် ပိုများတဲ့ ကန်ထရိုက်လုပ်ငန်းမှန်သမျှကို ထုတ်ဖော်အသိပေးဖို့ သဘောတူညီခဲ့ကြောင်း  ဆိုပါတယ်။ 

ဒါ့အပြင် မြန်မာနိုင်ငံ စာရင်းစစ်ချုပ်ရုံးကလည်း  ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီး သုံးလ တကြိမ် အစီရင်ခံစာ ထုတ်ပြန် အသိပေးဖို့ သဘောတူခဲ့တယ်လို့လည်း ပြောပါတယ်။

နောက်ဆုံးအစီရင်ခံစာကိုတော့ အန်အယ်လ်ဒီအစိုးရက ဇန်နဝါရီ ၂၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီး လက်အိတ်၊ နှာခေါင်းစည်းနဲ့ ဆေးဝါးတွေ ဝယ်ယူခဲ့ကြောင်း ဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။  လက်ရှိမှာ အာဏာသိမ်းစစ်ကောင်စီကို IMF က အကူညီတွေ မပေးတော့ဘူးလို့လည်း ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up