close

အောင်လံလွှင့်ချီနွေဦးထီကို နိုဝင်ဘာ ၅ ရက်နေ့ ပြန်လည်စတင်ရောင်းချမည်

အောင်လံလွှင့်ချီနွေဦးထီကို နိုဝင်ဘာ ၅ ရက်နေ့မှာ ပြန်လည်စတင်ရောင်းချမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ဘဏ္ဍာရေးနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးတင်ထွန်းနိုင်က နိုဝင်ဘာ ၄ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

စမ်းသပ်ကာလကို ကျော်လွန်ပြီး လစဉ်ပုံမှန်ရောင်းချနိုင်တဲ့အခြေအနေမှာ အဆင်သင့်ဖြစ်နေပြီလို့လည်းဆိုပါတယ်။ 

ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က"စစ်ကောင်စီဆီ ငွေကြေးတွေမရောက်ရအောင်နဲ့ NUG အတွက် ဝင်ငွေရအောင် ရည်ရွယ်တာဖြစ်ပါတယ်။ နွေဦးထီမရောင်းခင်ကတည်းက သက်ဆိုင်ရာဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းခဲ့ပါတယ်။ နွေဦးထီသည်သာ တရားဝင်ထီဖြစ်ပါတယ်။ အောင်ဘာလေထီဟာ တရားမဝင်တော့ဘူးဆိုတာကိုလည်းကြေညာခဲ့ပါတယ်။ အခုမှာ စမ်းသပ်ကာလမဟုတ်တော့ဘဲ လစဉ်ရောင်းချပေးသွားဖို့အဆင်သင့်ဖြစ်နေပါပြီ။ နိုဝင်ဘာ ၅ ရက်နေ့မှာ တရားဝင် ထုတ်ပြန်ရောင်းချတော့မှာဖြစ်ပါတယ်။ စမ်းသပ်ကာလမှာလိုပဲ ပြည်သူတွေက တခဲနက်ဝယ်ယူအားပေးကြပါလို့ ပြောချင်ပါတယ်။"လို့ ပြောပါတယ်။

အောင်လံလွှင့်ချီနွေဦးထီကို ဩဂုတ် ၁၅ ရက်မှ  ၁၉ ရက်နေ့အထိ ၅ ရက်ကြာရောင်းချခဲ့ရာမှာ ထီလက်မှတ် ၂ သိန်းခွဲ ငွေကျပ်သိန်းငါးထောင်ဖိုးရောင်းချနိုင်ခဲ့ပါတယ်။ နွေဦးထီပထမဆုံးအကြိမ် ထီဖွင့်ပွဲကို အောက်တိုဘာ ၁ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။

နိုဝင်ဘာ ၅ရက်နေ့မှာ ပြန်လည်ရောင်းချတော့မယ့် နွေဦးထီကို မနက် ၁၀ နာရီကနေ ည ၁၀ အထိ ဖွင့်လှစ်ရောင်းချသွားမှာဖြစ်ပြီး အရင်လို ခဏလေးနဲ့ ထီလက်မှတ်ကုန်သွားတာမျိုးမဖြစ်တော့ဘဲ ထီလက်မှတ်ကိုလည်း မြန်မြန်ဆန်ဆန်ထုတ်ပေးသွားမယ်လို့ နွေဦထီမိသားစုက ကြေညာထားပါတယ်။

နွေဦးထီ ထိုးနည်း နည်းလမ်းသစ်တွေနဲ့ လိုအပ်ချက်တွေကို အောင်လံလွှင့်ချီနွေဦးထီတရားဝင်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up