ရုရှားနယ်စပ်အနီးရောက် နေတိုးတပ်ဖွဲ့နှင့် အမေရိကန်လေယာဉ်တင်သင်္ဘော ပူးပေါင်း

အမေရိကန်ရေတပ် တပ်မဟာ ၆ က လေယာဉ်တင်သင်္ဘော USS မောင့်ထ်ဝှစ်တ်နေဟာ ဘိုစပိုရပ်စ် ရေလက်ကြားကို နိုဝင်ဘာ ၄ ရက်က ဖြတ်သန်းခုတ်မောင်းခဲ့ပြီး ပင်လယ်နက်ထဲက မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (နေတိုး) ရဲ့ လှုပ်ရှားမှုမှာ လာရောက်ပူးပေါင်းခဲ့ပါတယ်။
ရုရှားနယ်စပ်နားမှာ နေတိုးတပ်ဖွဲ့တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး မကျေနပ်ကြောင်း ရုရှားအစိုးရက ပြောနေချိန်မှာ ဒေသတွင်း အမေရိကန်စစ်သင်္ဘောတွေပါ ထပ်ရောက်လာလို့ ရုရှားအစိုးရက ဒေါသ ထွက်ခဲ့တာပါ။
ရုရှားရေတပ်တွေဟာ အမေရိကန်စစ်သင်္ဘောတွေ ရောက်လာတာနဲ့ လေကြောင်း ကာကွယ်ရေး စနစ်တွေကို အသက်သွင်းခဲ့ပြီး ရန်သူပစ်မှတ်တွေကို ဖျက်ဆီးဖို့ လေ့ကျင့်ခဲ့တယ်လို့ ရုရှရဲ့ ပင်လယ်နက် တပ်မဟာက နိုဝင်ဘာ ၂ရက်မှာ ပြောခဲ့တာပါ။
အမေရိကန်ဖျက်သင်္ဘော USS Porter ဟာ ပုံမှန်ကင်းလှည့်တာဝန်အရ ပင်လယ်နက်ထဲကို အရင်အပတ်က ဝင်ရောက်ခဲ့ပြီး ခုတော့ အမေရိကန်လေယာဉ်တင်သင်္ဘော USS မောင့်ထ် ဝှစ်တ်နေကပါ လာရောက် ပူးပေါင်းတာ ဖြစ်ပါတယ်။
ရုရှားအစိုးရက ဝေဖန်ပြစ်တင်နေပေမဲ့ နေတိုးမဟာမိတ်တွေက ရုရှားနဲ့ နီးကပ်တဲ့ နေတိုးအဖွဲ့ဝင် နိုင်ငံတွေရဲ့ လုံခြုံရေးကို အားဖြည့်ဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောခဲ့ကြပါတယ်။