close

ဗြိတိန်ဘုရင်မ၏ဒုတိယသား ယော့ခ်မြို့စား လိင်အလွဲသုံးမှု လာမည့်နှစ်ဆန်းပိုင်း ကြားနာမည်

ဗြိတိန်တော်ဝင်မင်းသား ယော့ခ်မြို့စားမင်းသား Andrew ကို Virginia Giuffre က လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားလုပ်ခဲ့မှုအတွက် တရားစွဲဆိုချက်ကို မင်းသားရဲ့ရှေ့နေတွေက ပြန်လည်ချေပဖို့ ကြားနာမှုအတွက် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၄ ရက်ကို အမေရိကန်တရားသူကြီးက  ရက်သတ်မှတ်လိုက်ပါတယ်။ 

လက်ရှိ အသက် ၃၈ နှစ်အရွယ် Virginia Giuffre ဟာ သူ့အသက် ၁၈ နှစ် မပြည့်ခင်က ယော့ခ်မြို့စားရဲ့ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားလုပ်ခဲ့တယ်လို့ မဖော်ပြနိုင်တဲ့ ဆုံးရှုံးနစ်နာမှုတွေ အတွက် ဩဂုတ်လက တရားစွဲခဲ့ပါတယ်။ 

Giuffre ရဲ့အရပ်ဘက်အမှုကို ၂၀၂၂ ခုနှစ် စက်တင်ဘာလမှ ဒီဇင်ဘာလအတွင်း ရုံးတင်စစ်ဆေးဖို့ မျှော်လင့်ထားပြီး အမှုမပိတ်ဖို့နဲ့ မပယ်ချဖို့ ပြဋ္ဌာန်းကြောင်း ပြောကြားပြီး နောက်တရက်မှာပဲ မန်ဟက်တန်ရှိ U.S ခရိုင်တရားသူကြီး Lewis Kaplan က အမှုကြားနာစစ်ဆေးဖို့ရက်ကို သတ်မှတ်ထုတ်ပြန်လိုက်တာပါ။ 

ဘုရင်မကြီး အဲလိဇဘက်ရဲ့ဒုတိယသားဖြစ်သူ မင်းသား အင်ဒရူးဟာ ပြီးခဲ့တဲ့ အနှစ် ၂၀ ကျော်က ဗြိတိန်လူမှုအသိုင်းအဝန်းက Ghislaine Maxwell ရဲ့ လန်ဒန်အိမ်မှာ လိင်ဆက်ဆံဖို့ အတင်းအကြပ် ခိုင်းစေခဲ့ကြောင်းနဲ့ ငွေကြေးဆိုင်ရာ လုပ်ငန်းရှင် Jeffrey Epstein ပိုင်ဆိုင်တဲ့ အိမ်နှစ်အိမ်မှာ သူ့ကို လိင်ပိုင်းဆိုင်ရာ အလွဲသုံးစား လုပ်ခဲ့တယ်လို့ Virginia Giuffre က စွပ်စွဲထားပါတယ်။

အသက် ၆၁ နှစ်အရွယ် မင်းသားအင်ဒရူးဟာ Giuffre ရဲ့ပြောဆိုချက်တွေကိုငြင်းဆိုထားပြီး Giuffre ဟာ သူ့ကို လိင်ပိုင်း အလွဲသုံးစား လုပ်ခဲ့ပါတယ်လို့ စွပ်စွဲပြောဆိုခဲ့တဲ့ ငွေကြေးလုပ်ငန်းရှင် Epstein နဲ့ သူနဲ့ရင်းနှီးတဲ့သူတွေဆီကနေ အမြတ်ထုတ်ဖို့ ကြိုးစားနေခြင်းဖြစ်တယ်လို့ ပြန်စွပ်စွဲ ထားပါတယ်။ 

မင်းသားကိုတော့ ရာဇ၀တ်မှုတွေနဲ့ စွဲချက်တင်ထားတာ မရှိပါဘူး။  ငွေကြေးလုပ်ငန်းရှင် Epstein ဟာ လိင်ကုန်ကူးမှု စွဲချက်နဲ့ပတ်သက်ပြီး ရုံးတင်စစ်ဆေးနေချိန်အတွင်း မန်ဟက်တန် အကျဉ်းထောင်ထဲမှာ ၂၀၁၉ ခုနှစ် သြဂုတ်လက သူ့ကိုယ်သူ သတ်သေသွားပါတယ်။

ဗြိတိန်လူမှုအသိုင်းအဝန်းက Maxwell ကတော့ အသက်မပြည့်သေးတဲ့ မိန်းကလေးတွေကို စုဆောင်းပြီး Epstein အတွက် အလွဲသုံးစားလုပ်ဖို့ ပြင်ဆင်ပေးခဲ့တယ်ဆိုတဲ့ ရာဇဝတ်မှု စွဲချက်တွေအတွက် အပြစ်မရှိကြောင်း လျှောက်လဲခဲ့ပါတယ်။ သူ့ရဲ့ရုံးချိန်းကို နိုဝင်ဘာ ၂၉ ရက်မှာ စတင်မှာဖြစ်ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up