ဘာလင်ရှိ ရုရှားသံရုံးအပြင်ဘက်၌ သေဆုံးနေသူသည် ရုရှားလျှို့ဝှက်အေးဂျင့်ဟု ဂျာမန်ယူဆ

ပြီးခဲ့တဲ့လက ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ ရုရှားသံရုံးအပြင်ဘက်က လမ်းမှာ သေဆုံးနေတဲ့ အမျိုးသားတစ်ဦးဟာ ရုရှားနိုင်ငံ FSB ထောက်လှမ်းရေးဌာနရဲ့ လျှို့ဝှက်အေးဂျင့်တစ်ဦး ဖြစ်တယ်လို့ ဂျာမန်လုံခြုံရေးဌာနတွေက ယူဆကြောင်း ဂျာမန်သတင်းမဂ္ဂဇင်းဒယ်ရ် စပီးဂဲလ် (Der Spiegel ) က နိုဝင်ဘာ ၅ ရက်မှာ ဖော်ပြပါတယ်။
အသက် ၃၅ နှစ်အရွယ် အမျိုးသားရဲ့ အလောင်းကို အောက်တိုဘာ ၁၉ ရက် အစောပိုင်းမှာ တွေ့ရှိခဲ့ကြောင်း၊ အဲ့ဒီအမျိုးသားဟာ သံရုံးအပေါ်ထပ်ကနေ ပြုတ်ကျခဲ့တာလို့ လုံခြုံရေး သတင်းရင်းမြစ်တွေကို ကိုးကားပြီးတော့ မဂ္ဂဇင်းက ဆိုထားပါတယ်။
ရုရှားသံရုံး အပြင်ဘက်က အလောင်းကို ရှာဖွေတွေ့ရှိမှုနဲ့ပတ်သက်လို့ အစီရင်ခံထားတာ မရှိသေးပါဘူး။
သံရုံးဝန်ထမ်းဟာ ဘယ်လိုပြုတ်ကျပြီး ဘာကြောင့် သေဆုံးသွားရတယ်ဆိုတဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း လုံခြုံရေးသတင်းရင်းမြစ်တွေက ဒယ်ရ် စပီးဂဲလ် မဂ္ဂဇင်းကို ပြောကြားခဲ့ပါတယ်။
ရုရှားသံရုံးဟာ အလောင်းကို ခွဲစိပ်စစ်ဆေးဖို့ သဘောတူခဲ့ခြင်း မရှိဘူးလို့လည်း ဆိုပါတယ်။
ဂျာမနီနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကတော့ ဒီအဖြစ်အပျက်ကို သိရှိကြောင်းနဲ့ ကိုယ်ရေးကိုယ်တာ အကြောင်းရင်းတွေကြောင့်ဖြစ်ပြီး ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက် မပေးနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
ဒီဖြစ်ရပ်ဟာ ကြေကွဲဖွယ် မတော်တဆမှုဖြစ်ပြီး ကျင့်ဝတ်ဆိုင်ရာ အကြောင်းတွေကြောင့် မှတ်ချက်မပေးဘူးလို့ ပြောကြားခဲ့တဲ့ ရုရှားသံရုံးကို ကိုးကားပြီး ဒယ်ရ် စပီးဂဲလ် က ဆိုပါတယ်။
Spiegel အစီရင်ခံစာနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ရိုက်တာရဲ့တောင်းဆိုချက်ကို သံရုံးက ချက်ခြင်း တုံ့ပြန်ခြင်း မရှိပါဘူး။