တောင်ကြီးလျှပ်စစ်ရုံးအနီး ဗုံးပေါက်ကွဲ

ရှမ်းပြည်နယ် တောင်ကြီးမြို့ ဗိုလ်ချုပ်လမ်းပေါ်က လျှပ်စစ်ရုံးနားမှာ နိုဝင်ဘာ ၅ ရက် မနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဗုံးပေါက်ကွဲတာဟာ ငါးထပ်ဓမ္မာရုံရှေ့ လျှပ်စစ်ရုံးအနီး လမ်းလယ်ကျွန်းမှာ ပေါက်ကွဲခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။
“မနက် ၁၀ နာရီလောက်က ပေါက်တာ အသံကတော့ အတော်ကျယ်တယ်။ မြို့နယ်လျှပ်စစ်ရုံးနားမှာ ပေါက်တာ။ အရင်ရက်တွေကတော့ မီတာဆောင်သူတွေ များတယ်။ ဗုံးပေါက်တာတော့ အထိအခိုက်တော့ မရှိဘူး” လို့ ဒေသခံပြည်သူတစ်ဦးကပြောပါတယ်။
လျှပ်စစ်ဝန်ထမ်းတွေက ပြည်သူတွေကို အတင်းအကြပ် မီတာခ ပေးဆောင်ဖို့ ဖိအား ပေးနေတာကြောင့် သတိပေးတဲ့အနေနဲ့ ဖောက်ခွဲခဲ့တာလို့ Special Force 22 အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဗုံးပေါက်ကွဲတဲ့နေရာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက်စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။