close

ဂန့်ဂေါတွင် စစ်ယာဉ်တန်းကို PDF က မိုင်းဆွဲတိုက်ခိုက်၊ ရေဦးက ကျေးရွာအုပ်ချုပ်မှူး အသတ်ခံရ

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်မှာ နိုဝင်ဘာလ ၆ ရက်နေ့ မွန်းလွဲပိုင်းက စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ ဂန့်ဂေါ PDF တပ်ဖွဲ့က ပြောပါတယ်။

ဂန့်ဂေါ-ကလေးကားလမ်း မိုင်တိုင်အမှတ် (၂၅) နားမှာ မနေ့က မွန်းလွဲ ၃ နာရီလောက်မှာ ကလေးမြို့ဘက်ကနေ လာတဲ့ စစ်ကောင်စီယာဥ်တန်းကို ဂန့်ဂေါ PDF တပ်ခွဲတစ်ခုက မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဂန့်ဂေါ PDF တပ်ဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

အဲဒီတိုက်ပွဲ့မှာ စစ်အုပ်စုဘက်က သေဆုံးသူရှိနိုင်ပေမယ့် ဘယ်နှယောက်သေဆုံးတယ်ဆိုတဲ့ အရေအတွက်ကိုတော့ အတိကျ မသိရသေးဘူးလို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုဘက်က ရမ်းသမ်းပြီး ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ဂန့်ဂေါ PDF ဘက်က အထိခိုက်အကျဆုံး မရှိဘဲ အောင်အောင်မြင်မြင်ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ပြောပါတယ်။

ဂန့်-ဂေါ ကလေးကားလမ်း မိုင်တိုင်အမှတ် ၃၄ နားမှာ နိုဝင်ဘာလ ၄ ရက်နေ့ကလည်း အကြမ်းဖက်စစ်ကောင်စီယာဥ်တန်ကို PDF ဂန့်ဂေါက မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က တပ်ကြပ်ကြီးတစ်ယောက်နဲ့ တပ်သား ၂ ယောက်သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း ရေဦးမြို့၊ မကျီးတောရပ်ကွက် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအား နိုဝင်ဘာလ ၇ ရက် နေ့လယ်ပိုင်းက သူ့ရဲ့ယာခင်းထဲမှာပဲ ဓားဒဏ်ရာတွေနဲ့ သေဆုံးလျက်တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ပြီးခဲ့တဲ့ရက်တွေက စစ်တပ်ဝင်မွှေတော့ သူကလမ်းပြလုပ်တယ်။ အရပ်ထဲက CDM ဝန်ထမ်းတွေနဲ့ တက်ကြွလှုပ်ရှားသူတွေလည်း သူ့ကြောင့် ပြေးကြလွှားကြ အဖမ်းခံရတွေဖြစ်ကုန်တာပဲ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သေဆုံးသူဟာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်လို့သိရပြီး၊ သံလမ်းတောင်ဘက်က ယာခင်းထဲမှာ ဓားခုတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ရေဦးမြို့နယ်၊ မကျီးတောရပ်ကွက်မှာ နိုဝင်ဘာလ ၄ ရက်နေ့ကလည်း စစ်ကောင်စီတပ်တွေ ဝင်မွှေခဲ့ပြီး ပြည်သူတချို့ကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up