close

ပုလဲတွင် စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၊ ကိုဗစ်ဆေးလာထိုးသူ လူငယ်တစ်ဦးကို စစ်တပ်က ဖမ်းဆီး

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာ ကင်း၀န်မင်းကြီးကျောင်းတိုက်အတွင်း စစ်ကြောင်း ထိုးလာပြီး ခေတ္တစခန်းချနေတဲ့ စစ်ကောင်စီတပ်ဟာ ကန်ဒေါင့်ကျေးရွာကို ပြန်လာချိန် သပြေကုန်းကျေးရွာ အနောက်ဘက်နေရာမှာ နိုဝင်ဘာ ၅ ရက် မနက် ၁၀ နာရီ ကျော်လောက် မိုင်းဆွဲတိုက်ခိုက်ခံရပါတယ်။

ပုလဲပြည်သူကာကွယ်ရေးခေါင်းဆောင်ဗိုလ်နဂါးက “ပုလဲပြည်သူကာကွယ်ရေးတပ်က ဗိုလ်ကျားလေးရဲ့တပ်ခွဲမှာ ပါ၀င်တဲ့ ရဲဘော်အောင်ကြီးနဲ့ ရဲဘော်မောင်ထက်တို့အဖွဲ့က မိုင်းအကြီးနှစ်လုံး တဖက်ပွင့် စိန်ပြောင်းလေးလုံး တို့နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာ။ စစ်ကောင်စီဘက်ကတော့ ဘယ်လောက်ကျဆုံးမယ်လို့တော့ မသိရ သေးဘူး။ အကျဆုံးကတော့ ရှိလောက်မယ်ဗျ။ မိုင်းဆွဲရာနေရာမှာတော့ လူနာတင်ကားတွေနဲ့ လာတင်သွားတာတွေ မြင်လိုက်ရတယ်”လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကနီမြို့ ပြည်သူဆေးရုံကို ကိုဗစ်လာထိုးတဲ့ လူငယ်တစ်ဦးကို နိုဝင်ဘာ ၅ ရက်နေ့ နေ့လယ် ၁ နာရီလောက် စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

*အဖမ်းခံရတာက ယာကြီးကျေးရွာက အောင်မင်းခန့်ပါဗျ။ အသက်က ၂၂ နှစ်ပါ။ ထိုင်းနိုင်ငံသွားရအောင်လို့ ကိုဗစ်ဆေးလာထိုးရင်းရဲ့ အခုလို အဖမ်းခံရတာ။ ဘာကြောင့်ဖမ်းတယ်ဆိုတာကိုတော့ မသိရသေးဘူး” လို့ သူငယ်ချင်းဖြစ်သူ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ကိုဗစ်ဆေးလာထိုးသူ အောင်မင်းခန့်ကို ကနီပြည်သူရဲစခန်းမှာဖမ်းဆီးထား တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို အပစ်မဲ့ပြည်သူကို ဖမ်းဆီးခေါ်ဆောင်ရတဲ့အကြောင်းရင်းကို သိရှိနိုင်ဖို့ ကနီမြို့နယ်ရဲစခန်းကို ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိခဲ့ပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up