close

ဂန့်ဂေါတွင် စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၊ ကန့်ဘလူတွင် အလောင်းလာသယ်သည့် ရဲကား တိုက်ခိုက်ခံရ

ကလေး-ဂန့်ဂေါကားလမ်း မိုင်တိုင်အမှတ်  ၃၄ အနီးမှာ ကလေးမြို့ဘက်ကနေ မောင်းနှင်လာတဲ့ စစ်ကား  ၃၄ စီးပါ စစ်ကောင်စီတပ်ဖွဲ့တွေလိုက်ပါလာတဲ့ ယာဉ်တန်းဟာ နိုဝင်ဘာ ၅ ရက် မွန်းလွဲ ၃ နာရီလောက်က မိုင်းဆွဲ တိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်က တပ်ကြပ်ကြီး ၁ ဦး နဲ့ တပ်သား ၂ ဦး သေဆုံးခဲ့ပြီး အများအပြား  ဒဏ်ရာ ရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မိုင်းခွဲတိုက်ခိုက်မှုကို ဗိုလ်မြထွန်း ဦးဆောင်တဲ့ ဂန့်ဂေါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (GanGaw-PDF) တပ်ခွဲ ၃ က ပြုလုပ်ခဲ့တာဖြစ်ပြီး GanGaw-PDF ရဲဘော်တွေ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ တာဝန်ခံလည်းက အတည်ပြုပြောဆိုပါတယ်။

ဂန့်ဂေါ၊ ကလေး၊  ယောနဲ့  ဆောနယ်တွေမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်တွေ အထိနာပြီး သေဆုံး ထိခိုက် ပျက်စီးမှုတွေ များပြားနေသလို အကြမ်းဖက်စစ်ကောင်စီဘက်ကလည်း စစ်ကောင်စီတပ်သားအင်အား တိုးမြှင့်ချထားနေတာတွေ ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကြာဖက်ကန်ကျေးရွာမှာလည်း  နိုဝင်ဘာ ၅ ရက်က စစ်ကောင်စီ သတင်းပေးဒလန်တစ်ဦး အသတ်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အလောင်းလာသယ်စဉ် မိုင်းဆွဲ တိုက်ခိုက်ခံရကြောင်းသိရပါတယ်။

အလောင်းလာသယ်တဲ့   လူမှုကူညီရေးအသင်းကားနဲ့ စစ်ကောင်စီ ရဲစခန်းမှူးကားတို့ ကန့်ဘလူကအပြန်ညနေ ၄ နာရီခန့်မှာ  ထန်ကုန်း-ဇီးကုန်းမြောင်းဘောင်ပေါ်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းတာလို့ ဒေသခံတွေကပြောပါတယ်။

"ဒလန်မျိုးကျော်ရဲ့ အလောင်းကို ကန့်ဘလူ ကိုသယ်ဖို့ လူမှုကူညီရေးကားတစ်စီးနဲ့ ဇီးကုန်းစခန်းမှူး ကားတစ်စီးလာတယ်။ အပြန်မှာ မိုင်းဆွဲခံလိုက်ရတယ်။ အထိအခိုက်တော့ရှိနိုင်တယ်။ တိတိကျကျတော့မသိရဘူး"လို့ဒေသခံပြည်သူတစ်ဦးကပြောပါတယ်။

မိုင်းခွဲတာကိုKBU-UG နှင့် မဟာမိတ်အဖွဲ့များ ပူးပေါင်းကာ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း Kanbalu Underground Warriors (KBU-UG)က ထုတ်ပြန်ပါတယ်။

အောက်တိုဘာလအတွင်းကလည်း ကန့်ဘလူမြို့နယ် ရီဒွေးရွာမှာ စစ်ကောင်စီသတင်းပေး  အသတ်ခံရတာကို လာရောက်စစ်ဆေးတဲ့ ရဲတပ်ဖွဲ့ဝင်မော်တော်ယာဉ်တွေကို ဒေသခံတော်လှန်ရေး ပြောက်ကျားတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up