close

မောင်တောမြို့နယ်မြောက်ပိုင်းတွင် အေအေနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း တမန်းသားကျေးရွာနဲ့ ၆ မိုင်ခန့်အကွာမှာ နိုဝင်ဘာ ၉ ရက် ဒီနေ့ မွန်းတည့် ၁၂ နာရီလောက်ကနေ  မွန်းလွဲ  ၁ နာရီကျော်အထိ ရခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတပ်တွေ အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

တမန်းသားကျေးရွာသားတစ်ဦးက "ဒီနေ့ မနက် ၁၂ နာရီလောက်ကတည်းက စဖြစ်ကြတာ။ တမန်းသားရွာနဲ့ ၆ မိုင်လောက်အကွာမှာ အေအေ အထိုင်ချထားတဲ့ စခန်းကို တပ်မတော်က ထိုးစစ်ဆင်တာ ဗျူဟာမှူးကိုယ်တိုင်ထိုင်ပြီး လက်နက်ကြီးတွေနဲ့ပစ်နေတာ ထိခိုက်ဒဏ်ရာရသူတွေကို ဘူးသီးတောင်ဆေးရုံကို သယ်သွားကြတယ်လို့ သိရတယ်။” လို့ ပြောပါတယ်။

တမန်းသားကျေးရွာနဲ့ ၆ မိုင်လောက်အကွာမှာ  လက်နက်ကြီး လက်နက်ငယ်အသံတွေ ထွက်ပေါ်နေပြီး ရဟတ်ယာဉ်အသံတွေပါ ကြားနေရလို့ အနီးနားက  ကျေးရွာတွေရှိ  ကျေးရွာသူ ကျေးရွာသားတွေ စိုးရိမ်ထိတ်လန့်နေကြပါတယ်။

ရေနောက်ငါးသားကျေးရွာနေ ရွာသားတစ်ဦးကလည်း ဒီနေ့မနက် ၁၂ နာရီဝန်းကျင်ကစပြီး တမန်းသားနဲ့ ရေနောက်ငါးသားကျေးရွာတို့ရဲ့ အရှေ့ဘက်တောင်တန်းတွေမှာ လက်နက်ကြီးငယ်ပစ်ခတ်မှုရှိတယ်လို့  အတည်ပြုပြောပါတယ်။

"ပစ်ခတ်မှုတွေ ဖြစ်ကြတယ်လို့သိရတယ်။ တမန်းသားကျေးရွာရဲ့ အရှေ့ဘက်ပေါ့နော်။  ထိခိုက်ဒဏ်ရာရတာတွေ ရှိတယ်လို့လည်းသိရတယ်။”

အဆိုပါ တိုက်ပွဲနဲ့ပတ်သက်ပြီး   ရက္ခိုင့်တပ်တော် (အေအေ) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို ဆက်သွယ် မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။

အေအေတပ်တွေ အထိုင်ချထားတဲ့နေရာကို မြန်မာစစ်တပ်က အင်အားတိုးချလာတဲ့အတွက် တိုက်ပွဲဖြစ်ပွားတာလို့ ဒေသခံတွေက​ပြောပါတယ်။

"အေအေ ထိန်းချုပ်ထားတဲ့ နယ်မြေဘက်ကို အင်အားအလုံးအရင်းနဲ့ တက်လားတော့ ပစ်ခတ်မှု တွေဖြစ်ကြတာပါ။" လို့ ဒေသခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေကလည်း ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အတွင်း အေအေ ပိုင်နက်ထဲ တိုးချဲ့ဝင်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေရပ်တန့်နေတာ ၁ နှစ်လောက်ကြာ ရှိနေပြီးနောက်  အခု တကျော့ပြန် ပစ်ခတ်တိုက်ခိုက်မှုတွေ ပြန်လည်ဖြစ်ပွားလာတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up