close

ထိုင်းတွင် တရားမဝင်မြန်မာ ၂၁၈ ဦး ဖမ်းခံရ၊ တပတ်အတွင်း ဖမ်းဆီးခံရသူ ၁၈၀၀ ကျော်ရှိ

မြန်မာနိုင်ငံမှာ နိုင်ငံရေးမငြိမ်သက်မှုကြောင့် အလုပ်အကိုင်ရှားပါးပြီး ပြည်သူတွေစားဝတ်နေရေးခက်ခဲလာတဲ့အတွက် အိမ်နီးချင်းထိုင်းနိုင်ငံဘက် ထွက်ပြေးခိုဝင်ရာမှာ ဖမ်းဆီးခံရတာတွေလည်း နေ့တိုင်းလိုရှိနေပါတယ်။ 

ဒီကနေ့မနက်လည်း ထိုင်းနိုင်ငံအနောက်မြောက်ပိုင်း ကန်ကျနပူရီခရိုင် ဆန်ခလပူရီမြို့နယ်ထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၂၁၈ ဦး ဖမ်းဆီးခံရတယ်လို့ ကန်ကျနပူရီဒေသတွင်းသတင်းအရ သိရပါတယ်။ 

ဆန်ခလပူရီမြို့နယ် နောင်လူးကျေးရွာအုပ်စု ဘန့်ဟွေ့ကုပ်ကျေးရွာအနီးတောအုပ်ထဲမှာ တရားမဝင် ဝင်ရောက်လာသူတွေရှိကြောင်း သတင်းပေးချက်အရ နယ်မြေခံစစ်တပ်၊ ရဲ၊ အုပ်ချုပ်ရေးပိုင်းနဲ့ ကျန်းမာရေးဌာနက တာဝန်ရှိသူတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ အဆိုပါနယ်မြေထဲ ကို သွားရောက်စစ်ဆေးခဲ့ပါတယ်။ 

မနက် ၁၀ နာရီလောက်မှာတော့ တောအုပ်တစ်ခုထဲမှာ တရားမဝင်ဝင်လာတဲ့ မြန်မာအလုပ်သမား ၂၁၈ ဦး (ကျား ၁၂၅ ဦး၊ မ ၉၃ ဦး) တို့ကို တွေ့ရှိကြောင်း၊ စစ်ဆေးမေးမြန်းရာမှာ သူတို့တွေဟာ ရန်ကုန်၊ ပဲခူး၊ ဘုရားသုံးဆူစတဲ့ဒေသကဖြစ်ပြီး စမွတ်စခွန်း၊ ရာ့ချ်ပူရီ၊ ချွန်းပူရီ၊ ပရကျူတ်ခီရီခန်၊ ကန်ကျနပူရီ စတဲ့ခရိုင်တွေမှာ အလုပ်သွားလုပ်ဖို့ ဖြစ်ကြောင်း၊ ပွဲစားခ တစ်ဦးကို ဘတ် ၂၅၀၀၀ မှ ၂၆၀၀၀ ထိပေးရပြီး ခုလိုဖမ်းခံထိတာလို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက သူတို့ကိုအပူချိန်တိုင်းတာပြီး ကိုဗစ်-၁၉ ဥပဒေအရကော လဝက ဥပဒေနဲ့ပါ အရေးယူသွားမယ်လို့ သတင်းထောက်ကို ပြောသွားပါတယ်။ 

တရားမဝင် ဝင်ရောက်မှုတွေ ကာကွယ်တားဆီးဖို့အတွက် နယ်စပ်တလျှောက် ၂၄ နာရီ စောင့်ကြပ်စစ်ဆေးဖို့  ထိုင်းအမျိုးသားလုံခြုံရေးက သက်ဆိုင်ရာကို ညွှန်ကြားထားပါတယ်။  

ထိုင်းသတင်းစုစည်းဖော်ပြချက်အရ နိုဝင်ဘာ ၁ ရက်ကနေ  ၉ ရက်ထိ ထိုင်းနိုင်ငံထဲ ကန်ကျနပူရီ၊ တာ့ခ် ၊ ချင်းရိုင်း၊ ရနောင်းစတဲ့နယ်စပ်ဘက်မှာ တရားမဝင် ဝင်ရောက်လာလို့ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေ အများအပြားရှိပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း  ထိုင်းနိုင်ငံထဲကို တရားမဝင်နယ်စပ် ဖြတ်ကျော်ဝင်လာတဲ့ ရွေ့ပြောင်းလုပ်သား ၃၀၀၀ ကျော် ဖမ်းဆီးရမိခဲ့တယ်လို့  ထိုင်းပြည်တွင်း လုံခြုံရေးဌာန (Isoc) ကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ 

ဖမ်းဆီးခံရသူ အယောက်  ၃၁၆၀  ထဲမှာ မြန်မာနိုင်ငံသား ၁၈၀၇ ဦး၊ ကမ္ဘာဒီးယားက ၉၉၆ ဦး၊ လာအို ၅ ဦး၊ တရုတ် ၁၁ ဦးနဲ့ အိန္ဒိယက ၂၄ ဦးပါဝင်ပြီးသူတို့တွေဟာ ကွာရန်တင်းဝင်ခဲ့တာ မရှိဘူးလို့လည်း ထိုင်းသတင်းမှာဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up