close

မန္တလေးဈေးကွက်တွင် ကြက်သွန်နီဈေးနှုန်းပြန်ကျ

မန္တလေးဈေးကွက်ထဲမှာ ကြက်သွန်နီဈေးနှုန်းတွေဟာ  ၃  ပုံ ၁ ပုံလောက်အထိ ကျဆင်း နေတယ်လို့ မန္တလေး ကြက်သွန်ပွဲရုံတွေက စုံစမ်းသိရပါတယ်။ 

အောက်တိုဘာလဆန်းပိုင်းတုန်းက ကြက်သွန်နီ ၁ ပိဿာကို ငွေကျပ် ၄၀၀ ဝန်းကျင်သာရှိခဲ့ပြီး  လလယ်ပိုင်းလောက်မှာ ကျပ် ၈၅၀၊ ၉၀၀ ကျပ်လောက်အထိ နှစ်ဆကျော်မြင့်တာခဲ့ပြီး အခုလမှာတော့ ဈေးပြန်ကျသွားတာလို့ မန္တလေး ကြက်သွန်ပွဲရုံတွေထံက  သိရပါတယ်။

လက်ရှိမှာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဝယ်လိုအား ရှိနေပေမယ့် ကြက်သွန်အသစ်ထွက်ရှိ နေတဲ့အချိန်ဖြစ်တာကြောင့် လက်ရှိမှာ တစ်ပိဿာကို ငွေကျပ် ၆၀၀ နဲ့ ၆၅၀ ကြားမှာရှိနေပါတယ်။

မန္တလေးက ကြက်သွန်ပွဲရုံပိုင်ရှင်တစ်ဦးက “အောက်တိုဘာလ လယ်လောက်က ကြက်သွန်ဈေးဟာ ဆိုရင် တစ်ပိဿာကို ကျပ် ၉၀၀/၉၅၀ အထိမြင့်တက်ခဲ့တယ်။ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဝယ်လိုအားကြောင့်မို့လို့ အခုလိုမြင့်တက်လာတာဖြစ်တယ်။ ဒီရက်ပိုင်းမှာတော့ သူကလည်း အဝယ်တော့ ရပ်မသွားဘူး။ ဒါပေမဲ့ ကြက်သွန်ဈေးက မိုးကြက်သွန်တွေက အခုအချိန်မှာ လှိုင်လှိုင်ပေါ်တဲ့ အချိန် ဖြစ်တယ်။ ကြက်သွန်ဈေးကလည်း ၉၀၀ /၉၅၀ ကနေပြီးတော့ အခုအချိန်မှာ မန္တလေး ဈေးကွက်ထဲမှာ တစ်ပိဿာကို ၆၀၀/၆၅၀ပဲရှိတော့တယ်။ ကြက်သွန်က ဒီနှစ် ရာသီဥတုမျှတတဲ့အတွက် ကြက်သွန် အထွက်လည်းကောင်းတယ်”လို့ ပြောပါတယ်။ 

ခုချိန်ဟာမန္တလေးဈေးကွက်အတွင်းကို ကြက်သွန်နီအသစ်တွေ လှိုင်လှိုင်ဝင်နေချိန်ဖြစ်ပါတယ်။ ဒီနှစ် ကြက်သွန်နီစိုက်ချိန်မှာ  မိုးကောင်းခဲ့တာကြောင့် အခင်းပျက်စီးမှုနည်းပြီး ဈေးကွက် အတွင်းအများအပြားဝင်ရောက်လာတာကြောင့် ဈေးကျနေတာလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့်နိုင်ငံကို ကြက်သွန်နီ တင်ပို့ရာမှာ အရည်အသွေးမကောင်းတဲ့ ကြက်သွန်တွေ ပါဝင်ခဲ့တဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာကြက်သွန်ကို ဈေးနှိမ်ပြီး အဝယ်လျှော့ချလာတယ်လို့လည်း ကုန်သည်တွေဆီက သိရပါတယ်။

ရခိုင်ပြည်နယ် မောင်တောနယ်စပ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်ပို့နေရတဲ့ ကြက်သွန်နီတွေဟာ နှစ်နိုင်ငံသဘောတူစာချုပ်နဲ့ တင်ပို့တာမဟုတ်တဲ့အတွက် မြန်မာကုန်သည်တွေနဲ့ တောင်သူတွေ အတွက်အခုလို  ဈေးနှိမ်ခံနေရတာလို့လည်း ကုန်သည်တွေက ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up