close

ပဲခူးမြို့ လျှပ်စစ်ဓာတ်အားခွဲရုံ ဗုံးကွဲ၊ ဝန်ထမ်း ၄ ဦး ဒဏ်ရာရ

ပဲခူးမြို့က အမှတ် ၂ လျှပ်စစ်ဓာတ်အားခွဲရုံမှာ နိုဝင်ဘာ ၁၂ ရက်နေ့ညနေ ၅ နာရီဝန်းကျင်က ဗုံးပေါက်ကွဲခဲ့လို့ ဝန်ထမ်း ၄ ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အမည်မဖော်လိုတဲ့ ဒေသခံတဦးက “ဗုံးပေါက်တာ ၂ နေရာဗျ။ မဟာမြိုင်အုပ်ချုပ်ရေးမှူးရုံးမှာပါ ပေါက်တာ။ ခွဲရုံမှာ ပေါက်တာတော့ ဝန်ထမ်းတွေ ဒဏ်ရာရတယ်လို့သိရတယ်။ ဗုံးပေါက်ပြီးသိပ်မကြာဘူး လူနာတင်ကားတွေသွားတယ်” လို့ ပြောပါတယ်။

တချိန်တည်းမှာပဲ ပဲခူးမြို့က မဟာမြိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာလည်း ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး လူထိခိုက်မှုမသိရဘူးလို့  ဒေသခံတွေဆီက သိရပါတယ်။

အဆိုပါဗုံးဖောက်ခွဲမှုတွေကို Bago Guerrilla Force (BGF) အဖွဲ့က ပြုလုပ်ခဲ့တာဖြစ်ပြီး အဖွဲ့သားတွေ လုံခြုံတဲ့နေရာရောက်ရှိမှ သတင်းထုတ်ပြန်တာလို့ သိရပါတယ်။

Bago Guerrilla Force (BGF) အဖွဲ့ရဲ့ တာဝန်ခံက “ပြည်သူတွေကို ဇွတ်အတင်း မီးတာခတွေဆောင်ခိုင်းတယ်။ မဆောင်တဲ့အိမ်တွေဆို မီးဖြတ်တယ်ဗျာ။ လျှပ်စစ်ဝန်ထမ်းတွေက ပြည်သူ့ဘက်မရပ်တည်ကြလို့ အခုလိုလုပ်လိုက်တာ။ ဝန်ထမ်း ၄ ယောက် ဒဏ်ရာရသွားတယ်” လို့ အတည်ပြုပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူ ၄ ဦးကို ပဲခူးဆေးရုံ ပို့ဆောင်လိုက်ပြီး ၂ ဦး စိုးရိမ်ရတာကြောင့် အတွင်းလူနာအဖြစ် ကုသပေး နေရတယ်လို့ ဆေးရုံနဲ့နီးစပ်သူတွေဆီက သိရပါတယ်။ 

ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကို အသေးစိတ်သိရှိနိုင်ဖို့ အမှတ် ၂ လျှပ်စစ်ဓာတ်အားခွဲရုံကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်း မရှိပါဘူး။

ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ ပြည်သူပိုင်လမ်းတွေကိုပိတ်ဆို့ပြီး လမ်းသွားလမ်းလာတွေကို စစ်ဆေးကာ တချို့စစ်သားတွေက အိမ်စီးကားတွေနဲ့ အရပ်ဝတ်တွေဝတ်ပြီး မြို့ပေါ်လှည့်ပတ်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up