ဘောလုံးဆွဲပြေးနိုင်မှု အအောင်မြင်ဆုံးစာရင်းတွင် ဝုဗ်က ထရာအိုရေး ထိပ်ဆုံးရပ်တည်

ဥရောပထိပ်တန်းလိဂ် ၅ ခုရဲ့ ဘောလုံးဆွေးပြေးနိုင်မှု အအောင်မြင်ဆုံးကစားသမားစာရင်းမှာ ဝုဗ် တောင်ပံတိုက်စစ်မှူး အဒါမာထရာအိုရေးက ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။
CIES လို့ ခေါ်တဲ့ ဘောလုံး အချက်အလက်သုတေသနအဖွဲ့က လေ့လာသုံးသပ်ပြီး ထုတ်ပြန်ခဲ့တာပါ။
စပိန်နဲ့ ဝုဗ်တောင်ပံကစားသမား အဒါမာထရာအိုရေးဟာ မိနစ် ၁၀၀ ကစားပြီးတိုင်း အောင်မြင်တဲ့ ဘောလုံးဆွဲပြေးနိုင်မှု ၁၁.၂၄ ကြိမ်ရှိခဲ့ပြီး ၇၉ ရာခိုင်နှုန်းအထိ အောင်မြင်ခဲ့တာဖြစ်ပါတယ်။
ဒုတိယနေရာမှာ အေစီမီလန်တောင်ပံ တိုက်စစ်မှူး ရာဖေးလ်လီယိုက ရပ်တည်နေပြီး မိနစ် ၁ဝဝ မှာ အောင်မြင်တဲ့ ဘောလုံးဆွဲပြေးမှု ၇.၁၀ ကြိမ် ရှိခဲ့ပါတယ်။ သူတို့ ၂ ဦးနောက်မှာ နယူးကာဆယ်က စိန့်မက်ဆီမင်၊ ရင်းနက်စ်က ဆူလီမန်နာ၊ ပီအက်စ်ဂျီက နေမာနဲ့ ဘိုင်ယန်မြူးနစ်က အယ်လ်ဖွန်ဆိုဒေးဗီးစ် တို့က အစဉ်လိုက်ရပ်တည်နေပါတယ်။
နာမည်ကြီးကစားသမားတွေထဲမှာတော့ ပီအက်စ်ဂျီက အမ်ဘာပေက အဆင့် ၁ဝ မှာ ရပ်တည်ခဲ့ပေမယ့် မက်ဆီကတော့ လီဂူးဝမ်းမှာ ခြေစွမ်းမပြနိုင်သေးတာကြောင့် အဆင့် ၅ဝ အပြင်ဘက်မှာပဲ ရပ်တည်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် တစ်ခုတည်းမှာဆိုရင်တော့ ထရာအိုရေးနဲ့ စိန့်မက်ဆီမင်တို့အပြင် လူးကပ်မိုရာ၊ ဇာဟာ၊ ဂရင်းဝုဒ်နဲ့ အန်တိုနီယိုတို့က ထိပ်ဆုံး ၁ဝ ဦးစာရင်းမှာ ပါဝင်ခဲ့ပါတယ်။