ဆွာရက်ဇ်အား တိုက်ခိုက်ရန် စီစဉ်ခဲ့ပြီးမှ နောက်ပြန်ဆုတ်ခဲ့ကြောင်း အီဗရာ ပြန်လည်ပြောပြ

၂၀၁၁ ခုနှစ်တုန်းက ဆွာရက်ဇ်ကို မန်ချက်စတာမြို့မှာ တိုက်ခိုက်ဖို့ စီစဉ်ခဲ့ပေမယ့် နောက်ပြန်ဆုတ်ခဲ့ရပုံကို နောက်ခံလူဟောင်း အီဗရာက ပြန်ပြောပါတယ်။
အဲဒီအချိန်မှာ ဆွာရက်ဇ်က လီဗာပူးမှာ ကစားနေချိန်ဖြစ်ပြီး အီဗရာကို လူမျိုးရေးခွဲခြားမှု ပြုလုပ်ခဲ့တာပါ။ ဒီကိစ္စကြောင့် ဆွာရက်ဇ်လည်း ၈ ပွဲပယ် ပြစ်ဒဏ်နဲ့ ပေါင် ၄ သောင်း ဒဏ်ရိုက်ခံခဲ့ရပါတယ်။
အဲဒီအချိန်က မန်ယူနိုက်တက်မှာ ကစားနေတဲ့ အီဗရာဟာ ဆွာရက်ဇ်အပေါ် အမျက်ဒေါသထွက်ခဲ့ပြီး ကွင်းပြင်ပမှာ အမှတ်မထင်တွေ့ချိန်မှာ တိုက်ခိုက်ဖို့ စီစဉ်ခဲ့တာပါ။
ဆွာရက်ဇ်ကို မန်ချက်စတာမြို့က လမ်းတစ်ခုမှာ တွေ့မြင်ခဲ့ပြီးနောက် သူ့ရဲ့အစ်ကို ၂ ဦးနဲ့အတူ တိုက်ခိုက်ဖို့ စဉ်းစားခဲ့ပေမယ့် ဆွာရက်ဇ်မှာ ဇနီးနဲ့ ကလေးပါတာကြောင့် လက်လျှော့ခဲ့တာဖြစ် ကြောင်း အီဗရာက ပြောပါတယ်။
“ဘာလို့နောက်ပြန်လှည့်ခဲ့ရသလဲဆိုတော့ ဒီလိုကိစ္စက သူ့ရဲ့ မိသားစုရှေ့မှာ မလုပ်သင့်ဘူး ထင်လို့ပါ။ ကျနော် လုပ်ခဲ့မယ်ဆိုရင်လည်း ဆိုးရွားတာတွေပဲ ဖြစ်ခဲ့မှာမလို့ မတိုက်ခိုက်ခဲ့ရတဲ့အပေါ်မှာ နောင်တရတာမျိုးမရှိပါဘူး” လို့ အီဗရာက ပြောပါတယ်။
အီဗရာနဲ့ ဆွာရက်ဇ်တို့ဟာ ပရီးမီးယားလိဂ်မှာ ထိပ်တိုက်ဆုံခဲ့ချိန် လက်ဆွဲနှုတ်ဆက်ခြင်း မရှိခဲ့ပေမယ့် ဂျူဗီနဲ့ ဘာကာတို့ တွေ့တဲ့ ၂၀၁၅ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ပြန်လည်ဆုံတွေ့ရာမှာတော့ လက်ဆွဲနှုတ်ဆက်ခဲ့ကြပြီး ပြန်လည်အဆင်ပြေခဲ့ကြပါတယ်။