close

မြိုင်မြို့နယ်၌ စစ်ကောင်စီကို ဆက်ကြေးပေးသည့် ရေနံစိမ်းသယ်ယာဉ် ၂ စီးကို PDF တပ်ဖွဲ့က ဖောက်ခွဲ

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ နိုဝင်ဘာ ၁၅ ရက် ညနေပိုင်းက စစ်ကောင်စီထံ အခွန်၊ဆက်ကြေးပေးပြီး သယ်ယူပို့ဆောင်နေတဲ့ ရေနံစိမ်းသယ် ဆီဘောက်ဆာ ၂ စီးကို မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ မြိုင်PDFတပ်ဖွဲ့ကနေ သိရပါတယ်။

မြိုင်မြို့နယ် တောမရွာ မြောက်ဘက်မှာ ဒီကနေ့ ညနေ ၃ နာရီကျော်လောက်က  ရေနံစိမ်းသယ် ဆီသယ်ဘောက်ဆာ တစ်စီးကို မြိုင်PDF တပ်ဖွဲ့က မိုင်းခွဲခဲ့ရာမှာ ကားရှေ့စက်ခေါင်းပိုင်း ထိခိုက်ပျက်စီးသွားတယ်လို့ မြိုင်PDF တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဒါအပြင် ဝက်ခုတ်ရွာ မြောက်ဘက်နားမှာလည်း ဒီနေ့ညနေ ၄ နာရီကျော်လောက်မှာလည်း ဆီဘောက်ဆာတစ်စီးကို မိုင်းဖောက်ခွဲ့ခဲ့ရာ ကားနောက်ပိုင်းထိခိုက်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။

အဲဒီ ရေနံစိမ်းသယ်ဘောက်ဆာယာဥ်တွေဟာ အကြမ်းဖက်စစ်အုပ်စုကို ရေနံစိမ်း သယ်ယူခွင့် မျှောတစ်စောင်လျှင် ကျပ်  ၁၇ သိန်းကျော်လောက်ပေးဆောင်ပြီး မြိုင်နယ်နဲ့ပေါက်နယ်မှာရှိတဲ့ ရေနံမှော်တွေက ရေနံစိမ်းတွေကို မုံရွာမြို့က ချက်ဖို့တွေကို ပို့ဆောင်နေတာကြောင့် စစ်ကောင်စီရဲ့ ဝင်ငွေတွေကို ဖြတ်တောက်တဲ့ အနေနဲ့ဖောက်ခွဲ့ခဲ့တာလို့  ဆိုပါတယ်။

“ကျနော်တို့တပ်ဖွဲ့က အဲဒီဘောက်ဆာတွေကို မထွက်ကြဖို့ အကြိမ်ကြိမ် သတိထားပြီးဖြစ်ပေမဲ့ လိုက်နာမှုမရှိဘဲနဲ့နောက်ပိုင်းမှာ ဒါထက်မှ  အခြေနေဆိုးလာရင် ကားသမားတွေရဲ့ အသက်ကိုပါ အာမမခံနိုင်ဘူး” လို့ မြိုင်PDF  ပြန်ကြားရေးတာဝန်ခံက  ပြောပါတယ်။

ရေနံစိမ်းသယ် ဆီဘောက်ဆာယာဥ်တွေဟာ အကြမ်းဖက်စစ်အုပ်စုကို အခွန်ဆောင်ရသလို ပေါက်မြို့နယ်/မြိုင်မြို့နယ်တွေကနေ မုံရွာမြို့အထိ ဖြတ်သန်းသွားလာရာလမ်းတစ်လျှောက်မှာလည်း စစ်အုပ်စုတွေကို ဆက်ကြေးပေးပြီးမှ သယ်ယူပို့ဆောင်ရတာလို့ဆိုပါတယ်။

ရေနံလုပ်ငန်း လုပ်ကိုင်နေသူတွေအနေနဲ့ သတိပေးတဲ့ အချိန်မှာ လုပ်ငန်းတွေရပ်နားထားဖို့နဲ့ မြိုင် PDF တပ်ဖွဲ့က တစ်ပတ်ကို ၃ ရက်ဖြစ်စေ သတ်မှတ်တဲ့ ရက်မှာ အခွန်ပေးဆောင်ပြီးမှ သယ်ယူပို့ဆောင်ရမယ်လို့ ပြောပါတယ်။

“ရေနံဆိုတာလည်း အကြာကြီး လှောင်ထားလို့ မရတာကို ကျနော်တို့ နားလည်တယ်။တပတ်ကို ၃ ရက်လောက်ထွက်ခွင့်ပေးမယ်။ထွက်ခွင့်ပေးတဲ့ အချိန်မှာထွက် မပေးတဲ့ အချိန်မှာ မထွက်နဲ့။ ထွက်ခွင်ပေးတဲ့ အချိန်မှာလည်း ထွက်သမျှ ကားတိုင်းက ကျနော်တို့ဆီကို ရန်ပုံငွေ အခွန်ငွေရောက်ရမယ်” လို့  မြိုင်PDF ကပြောပါတယ်။

မိဘပြည်သူတွေအနေနဲ့လည်း အကြမ်းဖက်စစ်ကောင်စီနဲ့မပတ်သက်ကြဖို့နဲ့ သံသယရှိတဲ့ နေရာတွေကို သွားရောက် မစပ်စုကြဖို့ သတိပေးချက်ထုတ်ပြန်ထားသလို အိမ်စီးကားတွေ၊ ကုန်တင်ကားတွေအနေနဲ့ မှန်ချပြီးမှ ဖြတ်သန်းသွားလာကြဖို့ အကြိမ်ကြိမ် သတိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up