close

ဗြိတိန်တော်ဝင်မျိုးနွယ် ၁ ဦး သေဆုံးမှုအတွက် ကင်ညာ ရဲတပ်ဖွဲ့ဝင် ၄ ဦးကို ထောင်ဒဏ်ချမှတ်

ဗြိတိန်တော်ဝင်မျိုးနွယ်တယောက်ရဲ့ သားသေဆုံးမှုအတွက် ကင်ညာနိုင်ငံက ရဲတပ်ဖွဲ့ဝင် ၄ ယောက်ကို ကင်ညာတရားရုံးချုပ်က နိုဝင်ဘာ ၁၅ ရက်မှာ ထောင်ဒဏ် ချမှတ်လိုက်ပါတယ်။

ဗြိတိန်တော်ဝင်မျိုးနွယ်ဟာ ၂၀၁၂ ခုနှစ်က ကင်ညာနိုင်ငံ ဒီယာနီကမ်းခြေမြို့က ရဲအချုပ်ခန်းထဲမှာ သေဆုံးခဲ့တာပါ။

အရှေ့အာဖရိကနိုင်ငံက ရဲတွေရဲ့ ရက်စက်မှုကို ထင်ရှားစေတဲ့ ဒီအမှုအတွက် တရားသူကြီး အဲရစ်ခ် အိုဂိုလာက မွမ်ဘာဆာ ကမ်းရိုးတန်းမြို့မှာ စီရင်ချက်ချခဲ့ပါတယ်။ ရဲ ၄ ယောက်လုံးဟာ စီရင်ချက်ကို ကြေညာပြီးချိန်မှာ ခေါင်းငိုက်စိုက်ကျနေခဲ့ပြီး တယောက်ကတော့ တိတ်တိတ် ငိုခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

ချေ့ဂ်ဟာ ထောင်ဒဏ် ၁၅ နှစ် ပြစ်ဒဏ် ချမှတ်ခံရပြီး ထောင်ဒဏ် ၅ နှစ်ကို ဆိုင်းငံ့ထားပါတယ်။ မန်ယိရိကတော့ ထောင်ဒဏ် ၁၂ နှစ် ကျခံရပြီး ထောင်ဒဏ် ၆ နှစ်ကို ဆိုင်းငံ့ထားပါတယ်။ ဘူလူမာကတော့ ထောင်ဒဏ် ၉ နှစ် ချမှတ်ခံရပြီး ၅ နှစ်ကို ဆိုင်းငံ့ထားပါတယ်။ ပမ်ဘာကတော့ ထောင်ဒဏ် ၁၂ နှစ် ကျခံရပြီး ၆ နှစ်ကို ဆိုင်းငံ့ထားပါတယ်။

ကင်ညာနိုင်ငံ မွမ်ဘာဆာမြို့နားက ဒီယာနီမြို့မှာ ညဘက် လည်ပတ်ရင်း ဆေးခြောက်ရှူမှုနဲ့ ရဲတွေ ဖမ်းဆီးတာ ခံရအပြီး အသက် ၂၈ နှစ်အရွယ် မွန်ဆွန်ကို ရဲအချုပ်ခန်းထဲမှာ သေဆုံးလျက်သား တွေ့ရတာပါ။

သူဟာ ၁၂ ယောက်မြောက် ဘာရွန်မွန်ဆွန်ရဲ့ သားဖြစ်ပြီး အရှေ့အင်္ဂလန်ရဲ့ လင်ကွန်းရှိုင်းယား မိသားစု အမွေခံလည်း ဖြစ်ပါတယ်။

တရားစီရင်ချက်ကို ကြေညာချိန်မှာ သေဆုံးသူရဲ့ ဖခင်လည်း တရားရုံး ခန်းမထဲမှာ ရှိနေခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။

ကင်ညာအစိုးရရဲ့ မှုခင်းဆေးပညာရှင်က ရေးသားတဲ့ အစီရင်ခံစာ ၂ စောင်ထဲမှာ မွန်ဆွန်ဟာ ခေါင်းကို ပြင်းပြင်းထန်ထန် ထိုးနှက်ခံရအပြီး သေဆုံးတာလို့ ဖော်ပြထားပါတယ်။ ဖြစ်ရပ်ကို ဖုံးကွယ်ဖို့ ကြိုးစားပြီး မျက်မြင်သက်သေတွေကို ခြိမ်းခြောက်ခဲ့ကြောင်းလည်း သေမှုသေခင်း စုံစမ်းစစ်ဆေးချက်က တွေ့ရှိခဲ့ပါတယ်။

လူ့အခွင့်အရေးအုပ်စုတွေနဲ့ အရပ်သားတွေကို ဥပဒေပြင်ပ သတ်ဖြတ်မှုနဲ့ ရက်စက်မှု စွဲချက်တွေကို ကင်ညာရဲတွေ မကြာခဏ ရင်ဆိုင်နေရတာပါ။

ဒါပေမဲ့ အရာရှိတွေ တရားစွဲ အပြစ်ပေးခံရတာကတော့ မရှိသလောက် နည်းတယ်လို့ ရိုက်တာက ပြောပါတယ်။

ရဲတွေရဲ့ မှားယွင်းလုပ်ဆောင်ချက်တွေကို စုံစမ်းစစ်ဆေးဖို့ လွတ်လပ်တဲ့ ရဲကြီးကြပ်ရေး အာဏာပိုင်အဖွဲ့ကို ၂၀၁၁ ခုနှစ်မှာ ဖွဲ့စည်း တည်ထောင်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်းချီ ရန်ပုံငွေ ရခဲ့ပါတယ်။

အဲဒီနောက်မှာ ရဲတွေကို မကျေနပ်တဲ့ တိုင်ကြားချက် ထောင်ချီ လက်ခံရရှိခဲ့ပေမဲ့ ရဲအရာရှိတွေကို ပြစ်ဒဏ်ပေးတဲ့အမှု ၁၃ မှုသာ ရှိခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up