close

ပြည်သူ့ညီလာခံ ဒီဇင်ဘာလတွင် ခေါ်ယူကျင်းပမည်

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)က  ပြည်သူ့ ညီလာခံကို ဒီဇင်ဘာလထဲမှာ ခေါ်ယူကျင်းပဖို့ရှိပြီး ကြားကာလ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ အစီအမံအပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို ထပ်မံ အတည်ပြုဖို့ရှိပါတယ်။ 

၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ။ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေ၊ အာဏာသိမ်းမှုကို ဆန့်ကျင်ကြတဲ့ အဖွဲ့အစည်းတွေအပါအဝင် ၂၈ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCCက ဦးဆောင်ပြီး ပြည်သူ့ ညီလာခံကိုကျင်းပမှာဖြစ်တယ်လို့ နိုဝင်ဘာ ၁၆ ရက်က အွန်လိုင်းကနေ  ပြုလုပ်တဲ့ NUCC ရဲ့ ပထမဦးဆုံး သတင်းစာရှင်း လင်းပွဲမှာကြေညာခဲ့တာပါ။

လက်ရှိအချိန်မှာတော့ ညီလာခံကျင်းပနိုင်ရေးအတွက် လုပ်ငန်းလမ်းညွှန်ချက်တွေကို ဆွေးနွေး နေပြီး အဲဒီညီလာခံကို ၆ လတစ်ကြိမ် ပြုလုပ်နိုင်ဖို့အတွက်လည်း စီစဉ်ထားသလို ညီလာခံ မတိုင်ခင်မှာ NUCC ထဲမှာ မပါဝင်နိုင်သေးတဲ့ အစုအဖွဲ့တွေကို ပါဝင်လာစေဖို့ ထပ်မံစည်းရုံး သွားမယ်လို့လည်း စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီမှ NUCC အဖွဲ့ဝင် ဦးမိုးသူက  သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အဲဒီညီလာခံမှာ ပါဝင်လာဖို့ စစ်အာဏာရှင် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေကို ဖိတ်ခေါ်နိုင်ဖို့အတွက် လုပ်ငန်းလမ်းညွှန်တွေကို ပြင်ဆင်နေပြီဖြစ်သလို စစ်အာဏာရှင်ကို မလိုလားတဲ့ ပြည်သူတွေနဲ့  အင်အားစုတွေလည်း ပါဝင်နိုင်မယ့် ပုံစံကိုလည်း ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။ 

အဲဒီညီလာခံမှာ လုပ်ငန်းစဉ် ၃ ရပ်ဖြစ်တဲ့ NUCC ကို တိုးချဲ့ ဖွဲ့စည်းခြင်း၊ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် အစိတ်အပိုင်း ၁ နဲ့ ကြားကာလ ဖွဲ့စည်းပုံ အခြေခံဆိုင်ရာအစီအမံတွေကို အတည်ပြုခြင်း အပါအဝင် NUCC မှ ဖွဲ့စည်းထားပေးထားတဲ့  NUG ကို ထပ်မံ အတည်ပြုသွားမှာဖြစ်ပါတယ်။

NUCC မှာ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ကပါဝင်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအဖွဲ့တွေထဲက  ကရင်အမျိုးသားအစည်းအရုံး(KNU) ၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ကရင်နီ တိုးတက်ရေးပါတီ(KNPP) စတဲ့ အဖွဲ့ ၃ ဖွဲ့ကိုသာ အမည် ထုတ်ပြောခဲ့ပြီး ကျန် ၅ ဖွဲ့ရဲ့ အမည်တွေကို ထုတ်ဖော်ပြောဆိုခဲ့တာမရှိပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up