ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ဆုံးဖြတ်ချက်မှားခဲ့သည့် ဒိုင် ၂ ဦး ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရ

အာဂျင်တီးနားနဲ့ ဘရာဇီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဆုံးဖြတ်ချက်မှားယွင်းခဲ့တဲ့ ဒိုင် ၂ ဦးကို တောင်အမေရိကအဖွဲ့ချုပ်က ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
ဂိုးမရှိသရေကျခဲ့တဲ့ အဲဒီပွဲစဉ်မှာ အာဂျင်တီးနားနောက်ခံလူ အော်တာမန်ဒီက ဘရာဇီးတောင်ပံတိုက် စစ်မှူး ရာဖင်ဟာရဲ့ မျက်နှာကို တံတောင်နဲ့ရိုက်ခဲ့ပြီး ၅ ချက်ချုပ်ခဲ့ရတဲ့အထိ ထိခိုက်ဒဏ်ရာရခဲ့ပေမယ့် အရေးယူမှုမရှိခဲ့တာဖြစ်ပါတယ်။
ရာဖင်ဟာဟာ ဒဏ်ရာရခဲ့တဲ့ သူ့ရဲ့ပါးစပ်အတွင်းထဲ ၅ ချက်ချုပ်ခံခဲ့ရပြီး ပွဲချိန် ၆၉ မိနစ်မှာ လူစားလဲခံခဲ့ရပါတယ်။
အဲဒီဖြစ်ရပ်မှာ အရေးယူမှုမရှိခဲ့တဲ့ ဥရုဂွေးကွင်းလယ်ဒိုငေ အန်ဒရက်ကျူနာနဲ့ ပြန်လည်စစ်ဆေးခြင်းမရှိခဲ့တဲ့ VAR ဒိုင် အက်စ်တီဘန်တို့ကို တောင်အမေရိကဘောလုံးအဖွဲ့ချုပ်က တာဝန်ပေးတော့မှာမဟုတ်ကြောင်း သတင်းထုတ်ပြန်ခဲ့ ပါတယ်။
ဒိုင်လူကြီးတွေအနေနဲ့ သူတို့ရဲ့ လုပ်ဆောင်ချက်တွေမှာ အလွန်ကြီးမားတဲ့ အမှားတွေ လုပ်ဆောင်ခဲ့ပြီး တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်လက်အောက်က ပွဲစဉ်တွေကို ကိုင်တွယ်ခွင့် ပြုတော့မှာမဟုတ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
အဲဒီပွဲစဉ်မှာ ပြစ်ဒဏ်ကျူးလွန်ခဲ့သူ အော်တာမန်ဒီကို ပြန်လည် အရေးယူမှုလုပ်မလားဆိုတာကတော့ မသိရသေးပါဘူး။