close

သားရိုင်းတိရစ္ဆာန်များကို ဆပ်ကပ်ဖျော်ဖြေရေးတွင် အသုံးမချရန် ပြင်သစ်လွှတ်တော် ဥပဒေ ပြဋ္ဌာန်း

သားရိုင်းတိရိစ္ဆာန်တွေကို ဆပ်ကပ်ဖျော်ဖြေရေးမှာ အသုံးမချဖို့ တားမြစ်တဲ့ဉပဒေတရပ်ကို ပြင်သစ်လွှတ်တော်က ပြဋ္ဌာန်းလိုက်တဲ့ အကြောင်း အေအက်ဖ်ပီသတင်းမှာ ဖေါ်ပြပါတယ်။

ကျား၊ ခြင်္သေ့၊ ဝက်ဝံစတဲ့ တောရိုင်းသတ္တဝါတွေကို ဆပ်ကပ်ပွဲ ဖျော်ဖြေရေးတွေမှာ သုံးခွင့်မပြုရေးကို လွန်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်ကတည်းက ပြင်သစ်လွှတ်တော်မှာ အကြိတ်အနယ်ဆွေးနွေးနေခဲ့ကြတာ ဖြစ်ပါတယ်။ 

အခု ဉပဒေသစ်ဟာ လာမယ့် ၂၀၂၄ ခုနှစ်ကစတင် အသက်ဝင်လာမှာဖြစ်ပြီး တောရိုင်းသတ္တဝါတွေကို အကြမ်းဖက်တာ တလွဲအသုံးချတာတွေအတွက် ထောင်ဒဏ် ၅ နှစ်နဲ့အတူ ဒဏ်ငွ ယူရို ၇၅၀၀ (ဒေါ်လာ ၈၅၀၀) အထိ ပေးဆောင်ရမှာပါ။

တောရိုင်းသတ္တဝါတွေကို တသီးပုဂ္ဂလိကပါတီပွဲတွေ ညကလပ်တွေနဲ့ ရုပ်သံအစီအစဉ်တွေမှာ ထည့်သွင်းအသုံးမချဖို့တွေလည်း ဒီဉပဒေမှာပါဝင်နေပါတယ်။ 

ဒါ့အပြင် တောရိုင်းသတ္တဝါတွေကို အိမ်မှာမွေးခွင့်ကိုလည်း လာမယ့် ၇ နှစ်အတွင်း တားမြစ်တော့မယ်လို့ သတင်းမှာ ဖေါ်ပြထားပါတယ်။ 

ပြင်သစ်မ္မတ  အီမန်ညူရာယ်မာ့ခရွန်ကတော့ ဒီဉပဒေကို တိရစ္ဆာန်အခွင့်အရေးမှာ သမိုင်းဝင် ခြေလှမ်းတခု အဖြစ်ချီးကျုးခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ပိုင်းတွေကစပြီး အများပြည်သူ သဘောထားကောက်ခံချက်တွေမှာ တောရိုင်းသတ္တဝါတွေကို ဆပ်ကပ်ထဲမှာ အသုံးချမှုကို ကန့်ကွက်မှုတွေ တိုးပွားလာနေခဲ့တာပါ။ 

ပြင်သစ်နိုင်ငံမှာရှိတဲ့ ဆပ်ကပ်အဖွဲ့ပေါင်း ၁၂၀ လောက်ကတော့  ဆပ်ကပ်တွေထဲမှာ တောရိုင်းသတ္တဝါတွေကို နှိပ်စက်ညှဉ်းပန်းတာမျိုးမရှိဘူးလို့ ငြင်းဆိုကြပြီး ဒီဉပဒေကို ကန့်ကွက်ဆန္ဒပြကြမယ့်ပုံရှိပါတယ်။ 

ကိုးကား- AFP

Photo- Creative Commons

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up