close

ဗဟိုအမေရိကနှင့်မက္ကဆီကိုတောင်ပိုင်းတွင် ရင်းနှီးမြှုပ်နှံရန် အမေရိကန် သဘောတူ

အမေရိကန်ပြည်ထောင်စုဟာ ဗဟိုအမေရိကနဲ့ မက္ကဆီကိုတောင်ပိုင်းတို့မှာ ရင်းနှီးမြှုပ်နှံဖို့နဲ့ လူဝင်မှုကြီးကြပ်ရေးမှာ ပါဝင်ကူညီဖို့ သဘောတူညီခဲ့တယ်လို့ ခေါင်းဆောင်တွေရဲ့ ဝါရှင်တန် ထိပ်သီးအစည်းအဝေးအပြီး နိုဝင်ဘာ ၁၉ ရက်မှာ  မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီး Marcelo Ebrard က ပြောကြားခဲ့ပါတယ်။ 

မက္ကဆီကိုသမ္မတ အန်ဒရေးစ် မန်နျူယယ် လိုပက်ဇ် အိုဘရာဒေါ၊ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ကနေဒါ ဝန်ကြီးချုပ် ဂျပ်စတင်ထရူးဒိုးတို့ တွေ့ဆုံဆွေးနွေးပြီးနောက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

အမေရိကန်ပြည်ထောင်စုဟာ မျိုးစေ့ကြဲခြင်းအခွင့်အလမ်းလို့ခေါ်တဲ့ အစီအစဉ်တစ်ခုမှာ ပါဝင်ကူညီမယ်လို့ Ebrard က ပြောပါတယ်။

ဘယ်လောက်ရင်းနှီးမြှုပ်နှံမလဲ ဆိုတာကိုတော့ အသေးစိတ်ရှင်းပြပြောဆိုတာမျိုးတော့ မရှိပါဘူး။

ဒါပေမယ့် မက္ကဆီကိုအစိုးရဟာ လာမယ့်ရက်တွေမှာ အမေရိကန်အေဂျင်စီတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ 

အရေးကြီးဆုံးက ရွှေ့ပြောင်းနေထိုင်မှုနဲ့ အနာဂတ်တို့နဲ့စပ်လျဉ်းပြီး သမ္မတ လိုပက်ဇ် အိုဘရာဒေါ အဆိုပြုထားတဲ့ တုံ့ပြန်မှုတစ်ခု ဖြစ်တယ်လို့ Ebrard က  ပြောကြားခဲ့ပါတယ်။ 

ဗဟိုအမေရိကနဲ့ မက္ကဆီကိုရဲ့ ပိုဆင်းရဲတဲ့ တောင်ဘက်မှာ အမေရိကန်ကို တရားမဝင် ဖြတ်ကျော်ဝင်ရောက်ဖို့ကြိုးစားသူ အများအပြား နေထိုင်ရာဖြစ်ပါတယ်။ 

ဒေသပြင်ပမှ ပေးသွင်းသူတွေအပေါ် မှီခိုမှုကို လျှော့ချပြီး သွင်းကုန်အစားထိုးဖို့အတွက် မြောက်အမေရိကမှာ ရင်းနှီးမြှုပ်နှံမှုကို တွန်းအားပေးတဲ့ လိုပက်ဇ် အိုဘရာဒေါရဲ့ အဆိုပြုချက်ဟာ အလွန်ကောင်းမွန်တယ်လို့ Ebrard က ပြောပါတယ်။ 

မက္ကဆီကိုထဲကို သေနတ်ပေါင်း ရာထောင်ချီ တရားမဝင် စီးဝင်ရောက်ရှိလာမှုကို တားဆီးဖို့ ညှိနှိုင်းချဉ်းကပ်မှုလုပ်ဖို့ ခေါင်းဆောင်တွေအကြား သဘောတူညီမှု ရရှိခဲ့ကြောင်း သူ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောတယ်။ 

လာမယ့်နှစ်မှာကျင်းပမယ့် မြောက်အမေရိက ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးကို မက္ကဆီကိုစီးတီးမှာ လက်ခံကျင်းပဖို့ အစိုးရတွေ သဘောတူညီခဲ့ကြောင်း Ebrard က ပြောကြား ခဲ့ပါတယ်။ 

ဒီ ၃ ဦးကြားက အပြန်အလှန်သဘောထားတုံ့ပြန်မှုတွေကလည်း အပြုသဘောဆောင်တယ်လို့ လည်း ဆိုပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up