close

ပြည်ပကို ဖရဲပို့ခွင့်မရသဖြင့် တောင်သူများ စိုက်ပျိုးဧကလျှော့ချပြီး အခြားသီးနှံ ပြောင်းလဲစိုက်ပျိုး

သစ်သီးဝလံ ပို့ကုန်တွေထဲမှာ နံပါတ် ၁ ဖြစ်တဲ့ ဖရဲဟာ ပြည်ပအဝယ်မရှိဘဲ ပြည်တွင်းဈေးကွက်မှာပဲ ရောင်းချနေရတာကြောင့် စိုက်ပျိုးသူ နည်းလာပြီး တောင်သူတွေ တခြားသီးနှံ ပြောင်းစိုက်လာကြတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံက ဖရဲသီးနှံကို တရုတ်နိုင်ငံ ဈေးကွက်ကို အဓိကမှီခိုအားထားပြီး စိုက်ပျိုးထုတ်လုပ်နေတာပါ။ ကိုဗစ်-၁၉  ကမ္ဘာ့ကပ်ရောဂါကို ကာကွယ်ထိန်းချုပ်နိုင်ရေး အကြောင်းပြချက်နဲ့ တရုတ်နိုင်ငံက မြန်မာ့ဖရဲအပါအဝင် မြန်မာနိုင်ငံနဲ့ ကုန်သွယ်မှုတွေကို ရပ်ဆိုင်းထားပါတယ်။

ဖရဲစိုက်တောင်သူတစ်ဦးက “တရုတ်အဝယ်ရပ်ထားတော့  လောလောဆယ်က ပြည်တွင်းဈေးကွက်ပဲရှိတယ်။ တရုတ်ဈေးကွက်ပို့တဲ့ ဖရဲတွေက ကျနော်တို့ဆီမှာ မစိုက်သလောက်ပဲ၊ အဲဒီအစား ပြည်တွင်းဈေးကွက်မှာ ဝယ်အားရှိတဲ့ ဖရဲမျိုးကို စိုက်ကြတယ်” လို့ ပြောပါတယ်။

အဓိကဝယ်လက်ဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ အဝယ်ရပ်တန့်ထားတာကြောင့် ပြည်တွင်းကဖရဲစိုက် တောင်သူတွေဟာ မိုးဖရဲစိုက်ပျိုးမှုတွေကို ၉၀ ရာခိုင်နှုန်းခန့် လျှော့ချခဲ့ကြပြီး ဖရဲအစား တစ်ခြားသီးနှံကို ပြောင်းလဲ စိုက်ပျိုးလာကြတာလို့ ဆိုပါတယ်။

တောင်သူအချို့ကတော့ စိုက်ဧက နည်းနည်းကို ပြည်တွင်းဈေးကွက်အတွက် ရည်ရွယ် စိုက်ပျိုးကြပြီး၊ တစ်ချို့ကတော့ တရုတ်ဈေးကွက် ဖွင့်လာနိုင်ခြေကို မျှော်မှန်းပြီး တစ်နိုင်တပိုင် စွန့်စားစိုက်ပျိုးတာတွေလည်း ရှိနေတယ်လို့ ဖရဲစိုက်တောင်သူတွေဆိက သိရပါတယ်။

ဖရဲစိုက်တောင်သူတစ်ဉီးက “ပုံမှန်ဆိုရင် ၁၅ ဧကလောက် စိုက်တယ်ဗျ၊ ဒီနှစ်ကျတော့ နှစ်ဧကလောက်ပဲ စိုက်တယ်။  တရုတ်လမ်း ပွင့်မှာကိုမျှော်ပြီး စိုက်လိုက်တာ၊ တစ်ချို့တောင်သူကျတော့လည်း မစိုက်ရဲလို့ လုံး၀ မစိုက်ကြဘူး” လို့ ပြောပါတယ်။

မူဆယ်နယ်စပ်ကနေ  တရုတ်နိုင်ငံကို ဖရဲတင်ပို့မှုက  နှစ်စဉ်တန်ချိန် ၇ သိန်းနဲ့ ၈ သိန်းဝန်းကျင်ရှိ ပြီး အဲဒီတင်ပို့မှုကနေ  ပျမ်းမျှအမေရိကန်ဒေါ်လာ သန်း ၇၀ကျော် နှစ်စဉ်ဝင်ငွေရရှိနေတာပါ။

COVID-19 ကပ်ရောဂါဖြစ်ပေါ်လာပြီးနောက်ပိုင်း  ရောဂါကာကွယ်ထိန်းချုပ်ရေး  အကြောင်းပြချက်နဲ့ တရုတ်နိုင်ငံဘက်က  ကုန်သွယ်ရေးကန့်သတ်ချက်တွေ လုပ်ဆောင်လာတာကြောင့် ၂၀၂၀ ဖရဲ၊သခွားတင်ပို့ ရာသီမှာ မြန်မာနိုင်ငံက စိုက်ပျိုးတောင်သူတွေအပြင် သီးနှံကုန်သည်တွေပါ ဆုံးရှုံးမှုများခဲ့ပါတယ်။

ဒီနှစ်မှာတော့ တရုတ်ဘက်က နယ်စပ်ဂိတ်ပြန်ဖွင့်ဖို့ အလားအလာမရေရာတာကြောင့် ဖရဲကို ပြည်တွင်း ဈေးကွက်အတွက်ပဲ ရည်ရွယ်စိုက်ပျိုးကြခဲ့ကြတာဖြစ်လို့ စိုက်ဧကနည်းပါးတဲ့အတွက် တောင်သူတွေ ဆုံးရှုံးမှု နည်းပါးခဲ့ပါတယ်။

အခုအခါ စိုက်ပျိုးရေးသွင်းအားစု ဈေးနှုန်းတွေ မြင့်တက်နေပြီး စိုက်ပျိုးကုန်ကျစရိတ်များနေပေမဲ့ လာမဲ့တင်ပို့ရာသီမှာ တရုတ်ဈေးကွက် မျှော်လင့်ချက်နဲ့ တောင်သူအချို့က တစ်ပိုင်တနိုင် စွန့်စား စိုက်ပျိုးနေကြတာလည်း ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up