close

လောင်စာဆီနှင့်မလိုအပ်ဘဲ ခရီးသွားလာခြင်းကို ကနေဒါကန့်သတ်

ကနေဒါနိုင်ငံ ဗြိတိသျှကိုလံဘီယာပြည်နယ်မှာ လောင်စာဆီနဲ့ မလိုအပ်တဲ့ ခရီးသွားလာမှု ယာယီကန့်သတ်ချက်တွေကို နိုဝင်ဘာ ၁၉ ရက်က ချမှတ်ခဲ့ပါတယ်။ 

အနောက်ပိုင်းပြည်နယ်မှာ ရေကြီးမှုနဲ့ရွှံ့မြေပြိုမှုတွေကြောင့် လမ်းတွေ၊ နေအိမ်တွေ ပျက်စီးခဲ့ပြီး လူပေါင်းထောင်ချီ သောင်တင် ပိတ်မိပြီးနောက်မှာ ထောက်ပံ့ရေးကွင်းဆက်ပြတ်တောက်မှုတွေကို ဖြေလျှော့ဖို့နဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းကို ပံ့ပိုးကူညီဖို့အတွက်လို့ ဆိုပါတယ်။

ဒုတိယဝန်ကြီးချုပ် Mike Farnworth ရဲ့ ရှင်းလင်းပွဲတစ်ခုမှာ ထုတ်ပြန်ခဲ့တဲ့ အဲ့ဒီအမိန့်ဟာ ဗန်ကူးဗားကျွန်းအပါအဝင် တချို့နေရာတွေမှာ ဒီဇင်ဘာ ၁ ရက်အထိ လူတွေကို ဓာတ်ဆီဆိုင် တခါသွားရင် ဆီ ၃၀ လီတာအထိ ဝယ်ယူခွင့် ကန့်သတ်ထားပါတယ်။ 

ပြင်းပြင်းထန်ထန် သက်ရောက်မှုရှိတဲ့ အဝေးပြေးလမ်းမကြီးတွေတလျှောက် မလိုအပ်ဘဲ ခရီးသွားလာတာကို တားမြစ်မယ်လို့ ဆိုပါတယ်။ 

နိုဝင်ဘာ ၁၃ မှာ စတင်ခဲ့တဲ့ မုန်တိုင်းတွေကြောင့် Trans Mountain ပိုက်လိုင်းကို ပိတ်ခဲ့ရပြီး ဗန်ကူးဗားဆိပ်ကမ်းဆီ ဦးတည်နေတဲ့ Canadian Pacific (CP) မီးရထားနဲ့ Canadian National (CN) မီးရထားကုမ္ပဏီမှ ပိုင်ဆိုင်တဲ့ အရေးကြီးတဲ့ အရှေ့အနောက် ရထားလိုင်းနှစ်ခုကို ဖြတ်ချခဲ့ရတာကြောင့် လောင်စာဆီနဲ့ကုန်ပစ္စည်းများ ထောက်ပံ့မှုကို အဟန့်အတားဖြစ်ရပါတယ်။

ဗြိတိသျှ ကိုလံဘီယာပြည်နယ်ဟာ အမေရိကန် သို့မဟုတ် အိမ်နီးချင်း Alberta မှ ထရပ်ကားနဲ့ ကုန်တင်သင်္ဘောတွေအပါအဝင် တခြားနည်းလမ်းတွေ ကနေတဆင့် လောင်စာဆီ တင်သွင်းဖို့ အတွက် ဖက်ဒရယ်အစိုးရနဲ့လည်း လုပ်ဆောင်နေတယ်လို့ Farnworth က ပြောကြားခဲ့ပါတယ်။ 

ကန့်သတ်ချက်တွေကို မကြေညာခင် နာရီပိုင်းအလိုမှာ ရေလွှမ်းမိုးမှုဒဏ်ခံနေရတဲ့ ပြည်နယ်အတွက် သတင်းကောင်းတချို့ရရှိခဲ့ပါတယ်။ 

ပျက်စီးသွားတဲ့ အခြေခံအဆောက်အအုံတွေ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းကို မရပ်မနား ဆက်လက်လုပ်ဆောင်မှာဖြစ်ပြီး လာမယ့်သီတင်းပတ်လယ်မှာ လုပ်ငန်းပြန်စနိုင်အောင်လုပ်မယ်လို့ Canadian Pacific (CP) က ပြောကြားလိုက်တာပါ။ 

အယ်လ်ဘာတာပြည်နယ်ကနေ ပစိဖိတ်ကမ်းရိုးတန်းကို တစ်ရက်လျှင် ရေနံစိမ်းစည်ပေါင်း ၃ သိန်း သယ်ဆောင်ပေးတဲ့ Trans Mountain ပိုက်လိုင်းဟာ လာမယ့်သီတင်းပတ်ကုန်မှာ ပိုက်လိုင်းပြန်လည်စတင်နိုင်မှာဖြစ်တာကြောင့် ကောင်းတဲ့ကိစ္စလို့ ပြောကြားခဲ့ပါတယ်။

Canadian National (CN) ကလည်း  ဗြိတိသျှကိုလံဘီယာမှာ သူ့ရဲ့ထိခိုက်သွားတဲ့ ရထားလမ်း ကွန်ရက်ကို ပြုပြင်ရာမှာ တိုးတက်မှုရှိနေပေမယ့် အနည်းဆုံး လာမယ့်အပတ်ထိ ဆက်လက်လုပ်ဆောင်ဖို့ မျှော်လင့်ထားပါတယ်။ 

အခု သဘာဝဘေးအန္တရာယ်ဟာ ကနေဒါနိုင်ငံမှာ ကြုံတွေ့ရဖူးသမျှ ကုန်ကျစရိတ်အသက်သာဆုံး သဘာဝဘေးအန္တရာယ်လို့ သတ်မှတ်ခံထားရပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up