ဝန်ကြီးချုပ်ထံ အာဏာပြန်အပ်ရန် ဆူဒန်စစ်တပ်နှင့် သဘောတူညီချက်ရ

ဆူဒန်မှာ ဖြုတ်ချခံ ဝန်ကြီးချုပ် အဘ်ဒါလာဟမ်းဒေါ့ခ်ဟာ နိုဝင်ဘာ ၂၁ ရက် အစောပိုင်းမှာ စစ်တပ်နဲ့ သဘောတူညီချက်ရခဲ့ပြီး အာဏာပြန်အပ်လိမ့်မယ်လို့ သူနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
အရင်လက စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေအပြီး သွေးချောင်းစီးတာကို ရပ်တန့်ဖို့ ဟမ်းဒေါ့ခ်က အပေးအယူတရပ်ကို သဘောတူခဲ့တာလို့ ဆိုပါတယ်။
၂၀၁၉ ခုနှစ်က စစ်တပ်နဲ့ အရပ်သားတွေကြား ချမှတ်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ကြေညာချက်ဟာ နောက်ထပ် ညှိနှိုင်းဆွေးနွေးပွဲတွေရဲ့ အုတ်မြစ်အဖြစ် ဆက်ရှိနေမယ်လို့လည်း သတင်းရင်းမြစ်က ပြောပါတယ်။
ဆူဒန်စစ်တပ်ရဲ့ အစီအစဉ်က မတည်ငြိမ်မှုတွေကို အဆုံးသတ်ဖို့ အပေးအယူ ညှိနှိုင်းမှုတရပ်ရဲ့ အောက်မှာ ဝန်ကြီးချုပ် ဟမ်းဒေါ့ခ်ကို ရာထူးပြန်ခန့်ပြီး နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ပဲလို့ ဆူဒန်ရဲ့ အဓိကနိုင်ငံရေးပါတီကြီးတွေထဲက တခုက ပြောပါတယ်။
စစ်တပ်နဲ့ အာဏာခွဲယူထားခဲ့ဖူးတဲ့ အရပ်ဘက် ညွန့်ပေါင်းအဖွဲ့ကတော့ စစ်တပ်နဲ့ ဘယ်လို နိုင်ငံရေး သဘောတူညီချက်ကိုမဆို အသိအမှတ်မပြုဘူးလို့ ပြောခဲ့တဲ့အကြောင်း လွတ်လပ်ရေးနဲ့ အပြောင်းအလဲတပ်ဖွဲ့လို့ နာမည်ပေးထားတဲ့ ဖေ့စ်ဘွတ် စာမျက်နှာပေါ်မှာ တနင်္ဂနွေနေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာ ၂၅ ရက်က စစ်တပ်က အာဏာသိမ်းပြီးကတည်းက ဝန်ကြီးချုပ် ဟမ်းဒေါ့ဟာ နေအိမ်အကျယ်ချုပ် ကျခံနေရတာပါ။
အိုမာအယ်လ်ဘတ်ရှီးယားကို ၂၀၁၉ မှာ ဖြုတ်ချအပြီး အာဏာရှင် အုပ်ချုပ်ရေး နှစ် ၃၀ အဆုံးသတ်ခဲ့ပြီးတဲ့နောက် သဘောတူထားခဲ့တဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာလည်း လမ်းချော်သွားခဲ့ပါတယ်။
စစ်တပ်က ဝန်ကြီးချုပ် ဟမ်းဒေါ့ခ်ရဲ့ အစိုးရအဖွဲ့ကို ဖျက်သိမ်းပြီး အာဏာခွဲဝေရေး သဘောတူညီချက်အရ ထိပ်ပိုင်းရာထူးကို ယူထားသူ အရပ်သားတွေကို ဖမ်းဆီး ထိန်းသိမ်းခဲ့တာပါ။