close

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမ ၁ ဦး မုဒိမ်းကျင့် သတ်ဖြတ်မီးရှို့ခံရ

ထိုင်းနိုင်ငံအရှေ့ပိုင်း၊ ပရာကျင်းပူရီခရိုင်၊ ကဘင်ပူရီမြို့နယ်၊ ဘန့်ခလောင်းကန်ကျေးရွာမှာ မြန်မာအလုပ်သမတယောက် မုဒိမ်းကျင့်ခံရပြီးနောက် သတ်ဖြတ်မီးရှို့ခံရတယ်လို့  ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

အသက် ၂၁ နှစ်ရွယ်ရှိ မြန်မာအမျိုးသမီး တယောက်ဟာ  ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက် မနက် ၈ နာရီလောက်က သူရဲ့ အခန်းထဲကနေပျောက်ဆုံးသွားတာပါ။ 

အခန်းထဲမှာ ပစ္စည်းတွေ ဖရိုဖရဲဖြစ်ပြီး ဆံချည်မျှင်တွေကပ်နေတဲ့ စယ်လိုတိပ်နဲ့ သွေးစ တွေပါတွေ့လို့  ရိုးရိုးသားသားပျောက်ဆုံးတာမဖြစ်နိုင်ကြောင်း ဆွေမျိုးသားချင်းတွေက ကဘင်ပူ ရီ ရဲစခန်းကို တိုင်ကြားခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး နိုဝင်ဘာ ၁၆ ရက်က အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတစ်ခုမှာ အလုပ်လုပ်နေတဲ့  နန်းဆုမ်မိုင်ဆိုသူမှ တာဝန်ရှိသူထံဆက်သွယ်လာကြောင်း ၊ သူ့ရဲ့မောင်ဖြစ်သူ နိုင်းဘွန်းလိုင် (၂၄ နှစ်)က  မြန်မာမိန်းကလေးပေါ် မုဒိမ်းမှုကျူးလွန်ပြီး သေဆုံးတဲ့အထိ လက်လွန်သွားတယ်လို့ အမကိုဖွင့်ပြောထားကြောင်း၊ သူ့မောင်ကျူးလွန်တာနဲ့ပတ်သက်လို့ သေဆုံး သွားတဲ့မိန်းက‌လေးရဲ့ အသုဘစရိတ်ကို တာဝန်ယူပေးမယ်လို့  ရဲတပ်ဖွဲ့ကို ပြောပါတယ်။ 

အဲဒီနောက် ရဲတပ်ဖွဲ့က နိုင်းဘွန်းလိုင်ကို စုံစမ်းရှာဖွေရာမှာ နိုဝင်ဘာ ၁၈ ရက်နေ့က ထိုင်း- ကမ္ဘောဒီးယားနယ်စပ် ဆာကယောက်ခရိုင် ဝပ်ထနားခွန်းမြို့နယ်ရှိ သက်ကယ်တောထဲမှာ ခရီးတထောက်နားနေစဉ် ဖမ်းဆီးရမိခဲ့ပါတယ်။

နိုင်းဘွန်းလိုင်က မုဒိမ်းမှု၊ လူသတ်မှုကျူးလွန်ခဲ့ကြောင်း ဝန်ခံပြီး နိုဝင်ဘာ ၁၉ ရက်နေ့မှာ အလောင်းမီးရှို့ထားတဲ့ နေရာကို လိုက်ပြခဲ့ပါတယ်၊  အဆိုပါနေရာမှာ အခင်းဖြစ်တဲ့နေရာနဲ့ ၃၆ ကီလိုမီတာကွာဝေးတဲ့ ဆီအုန်းခြံတစ်ခုထဲက ရေကန်နားမှာရှိပြီး အရိုးတွေတခြားစီဖြစ်နေကာ အနံ့အသက်ဖုံးတဲ့အနေနဲ့ တာယာခွံ ၂ လုံးကိုပါ ရောပြီး မီးရှိုထားတာပါ။ 

ဒီကိစ္စနဲ့ပတ်သက်ပြီး ကဘင်ပူရီ ရဲတပ်ဖွဲ့က နိုင်းဘွန်းလိုင်ကို ခြိမ်းခြောက်၊အင်အားသုံး မုဒိမ်းကျင့်မှု၊ တမင်ကြံရွယ်လူသတ်မှု၊ ရက်စက်စွာညှဉ်းဆဲသတ်ဖြတ်မှု၊ အလောင်းဖျောက်ဖျက်မှု စတဲ့ ပြစ်မှု ၄ ခုနဲ့  အရေးယူသွားမယ်လို့  ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။ 

Ref-  ejan.com

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up