close

ထန်တလန်မြို့တွင် စစ်ကောင်စီတပ်က လူနေအိမ်များကို ထပ်မံမီးရှို့ဖျက်ဆီး

ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ စစ်ကောင်စီတပ်က နေအိမ်တွေကို ထပ်မံမီးရှို့ခဲ့ပြီး ကန်ပက်လက် CDF စခန်းတစ်ခုနဲ့ မကွေးတိုင်း ယော PDF စခန်းတစ်ခုတို့ကို သိမ်းယူကာ စစ်ရေးလှုပ်ရှားမှုတွေ တိုးမြှင့် လုပ်ဆောင်နေပါတယ်။ 

နိုဝင်ဘာ ၂၄ ရက် ညနေပိုင်းက ထန်တလန်မြို့မှာ စစ်ကောင်စီက ထပ်မံမီးရှို့တာကြောင့် နေအိမ် ၁၀ လုံးကျော်မီးလောင်ပျက်စီးခဲ့ပါတယ်။ 

ထန်တလန်မြို့မှာ ပြည်သူတွေမနေထိုင်တော့ပေမယ့် စစ်ကောင်စီက အခုလိုမီးရှို့တာဟာ မြို့ထဲမှာ CDF တွေခိုလှုံပြီး သူတို့တပ်စခန်းတွေကို ပစ်ကွင်းမသာအောင်ဆောင်ရွက်တာလို့ ချင်းအမျိုးသားတပ်ဦး CNF တာဝန်ရှိသူက ပြောပါတယ်။ 

နေအိမ်တွေကို မီးရှို့အကြမ်းဖက်ပြီး ပြည်သူတွေကြောက်လန့်အောင် ခြောက်လှန့်နေသလို သူတို့တပ်စခန်းတွေ လုံခြုံရေးအတွက် အခုလို မီးရှို့နေတာလို့ ဆိုပါတယ်။ 

ထန်တလန်က နေအိမ်တွေ မီးရှို့တာနဲ့ ပက်သက်လို့ စစ်ကောင်စီဘက် သတင်းထုတ်ပြန်တာ မရှိသေးပေမဲ့ အရင်တခေါက် နေအိမ်တွေ ရာနဲ့ချီ မီးလောင်တုန်းကတော့ PDF တွေမီးရှို့တာလို့ စစ်ကောင်စီဘက်က တုံ့ပြန်ထားပါတယ်။ 

ချင်းပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားမှု  နိုဝင်ဘာလဆန်းပိုင်းက လျော့နည်းခဲ့ပေမဲ့ ဒီလကုန်ပိုင်းမှာတော့ ချင်းပြည်နယ် ၉ မြို့နယ်ထဲက ၈ မြို့နယ်မှာ အသေးစားပစ်ခတ်မှုတွေ ပြန်ဖြစ်လာတယ်လို့ ချင်းအမျိုးသားတပ်ဦး CNF တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းထက်နီက ပြောပါတယ်။

စစ်ကောင်စီတပ်တွေက  နိုဝင်ဘာ ၂၂ ရက်နေ့မှာ မကွေးတိုင်းယောဒေသ PDF စခန်းငယ်တစ်ခုကို လည်း အင်အား ၂၀၀ ကျော်အသုံးပြုပြီး သိမ်းယူခဲ့ပါတယ်။  နိုဝင်ဘာ ၂၃ ရက်နေ့မှာတော့  ကန်ပက်လက် CDF စခန်းငယ်တစ်ခုကိုလည်း သာလွန်အင်အားနဲ့သိမ်းယူခဲ့ပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ကျဆုံးတာ၊ အဖမ်းခံရတာ မရှိခဲ့ပါဘူး။ 

ချင်းပြည်နယ်နဲ့ မကွေးတိုင်းနယ်စပ်မှာ စစ်ကောင်စီက စစ်ရေး တိုးမြှင့် လုပ်ဆောင်လာသလို ချင်ပြည်နယ်ဒေသတွင်း ကာကွယ်ရေးတပ်တွေကလည်း အဆင်သင့်ပြင်ထားတယ်လို့ ဆိုပါတယ်။

ချင်းပြည်နယ်အတွင်းက နေအိမ်တွေကို မီးရှို့တာ၊ အကြမ်းဖက်ဖမ်းဆီးအနိုင်ကျင့်တာတွေအတွက် ပြန်လက်တုံ့ပြန်မယ်လို့ မင်းတပ် CDF ခေါင်းဆောင်တစ်ယောက်ကပြောပါတယ်။

အောက်တိုဘာ ၂၉ ရက်ကလည်း စစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်ပြီး မီးရှို့ဖျက်ဆီးတာကြောင့် ထန်တလန်မြို့က အိမ်ပေါင်း ၁၆၄လုံးကျော် မီးလောင်ပျက်စီးခဲ့တာပါ။

မီးလောင်ပျက်စီးသွားတဲ့အထဲမှာ ဘုရားကျောင်း ၂ ကျောင်းလည်းပါဝင်ခဲ့ပြီး ဘာသာရေး၊ လူမျိုးရေးအရပါ အနိုင်ကျင့်စော်ကားခဲ့တာလို့ ချင်း CDF ခေါင်းဆောင်တွေကပြောပါတယ်။

အောက်တိုဘာ တတိယအပတ်ထဲမှာ ဖလမ်းမြို့အနီးက ရမ်ထလိုနဲ့ တလန်ဇာကျေးရွာတွေက နေအိမ် ၁၀၀ ‌ကျော်ကိုလည်း စစ်ကောင်စီက ဖျက်ဆီးခဲ့ပါသေးတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း  ထန်တလန်မြို့မှာ   CDF နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်တွေ  လူနေအိမ်တွေကို ပစ်ခတ်မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

အနောက်မြောက်တိုင်းစစ်ဒေသကို နယ်မြေထိန်းချုပ်ဖို့ စစ်ကောင်စီက ဇွန်လကတည်းက အင်အား အလွန်အကျွံ သုံးနေတာဖြစ်ပြီး အင်တာနက်နဲ့ဖုန်းလိုင်းတွေကိုဖြတ်တောက်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up