ပိုချက်တီနို ပီအက်စ်ဂျီထက် မန်ယူတွင် ပိုလုပ်ပြနိုင်လိမ့်မည်ဟု အိုဝင်သုံးသပ်

ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုအနေနဲ့ ပဲရစ်မှာထက် မန်ချက်စတာမှာ ပိုပြီးလုပ်ပြနိုင်လိမ့်မယ်လို့ အင်္ဂလန် တိုက်စစ်မှူဟောင်းအိုဝင်က ပြောပါတယ်။
ပီအက်စ်ဂျီက မန်စီးတီးကို ၂ ဂိုး ၁ ဂိုးနဲ့ရူံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီး BT Sport ရုပ်သံအစီအစဉ်မှာ မိုက်ကယ်အိုဝင်က သုံးသပ်ခဲ့တာပါ။
မန်ယူအသင်းဟာ နည်းပြပိုချက်တီနိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ပေါ်နေချိန်မှာ ပိုချက်တီနိုအနေနဲ့ မန်ယူအသင်းဆီ ပြောင်းရွှေ့သင့်ကြောင်း အိုဝင်က ထောက်ခံစကားဆိုခဲ့တာပါ။
“ပိုချက်တီနိုအနေနဲ့ ပီအက်စ်ဂျီမှာ လုပ်နေတာထက် မန်ချက်စတာယူနိုက်တက်အသင်းမှာ ပိုပြီးလုပ်ပြနိုင်လိမ့်မယ်လို့ ကျနော်ထင်တယ်၊ ပီအက်စ်ဂျီက အနိုင်ရနိုင်တဲ့အသင်းလို့ ကျနော်မထင်ပါဘူး။ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ဆိုရင်တော့ ဖြစ်နိုင်ပါတယ်” လို့ မိုက်ကယ်အိုဝင်က ပြောပါတယ်။
အိုဝင်နဲ့အတူ သုံးသပ်တင်ဆက်ခဲ့တဲ့ အင်္ဂလန်နောက်ခံလူဟောင်း ဖာဒီနန်ကတော့ ပီအက်စ်ဂျီ တိုက်စစ်အတွဲဖြစ်တဲ့ မက်ဆီ၊ နေမာနဲ့ အမ်ဘာပေတို့ဟာ ခံစစ်ပိုင်းတာဝန်တွေလုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့တယ်လို့ ဝေဖန်သွားခဲ့ပါတယ်။