ရင်းနစ် မန်ယူကိုရောက်လာတာ တခြားအသင်းများအတွက် သတင်းဆိုးဟု ကလော့ပ်သုံးသပ်

မန်ယူနိုက်တက်အသင်းကို ဂျာမန်နည်းပြ ရင်းနစ်ရောက်လာတာက တခြားအသင်းတွေအတွက် သတင်းဆိုးတစ်ခုဖြစ်တယ်လို့ လစ်ဗာပူးနည်းပြ ကလော့ပ်က ပြောပါတယ်။
မန်ယူအသင်းဟာ အသက် ၆၃ နှစ်ရှိ ဂျာမန်နည်းပြကြီး ရက်ဖ်ရင်းနစ်ကို ယာယီနည်းပြချုပ်အနေနဲ့ ရာသီကုန်အထိ ခန့်အပ်ဖို့ သဘောတူညီမှုရရှိထားတာပါ။
ရင်းနစ်ဟာ အတွေ့အကြုံအလွန်ရှိပြီး အောင်မြင်မှုတွေလည်း ရယူနိုင်ခဲ့သူဖြစ်လို့ ပရီးမီးယားလိဂ်ဆီရောက်ရှိလာတာက တခြားအသင်းတွေအတွက် ကောင်းမွန်တဲ့ သတင်းမဟုတ်ကြောင်း ကလော့ပ်က သုံးသပ်ခဲ့တာပါ။
“ကံမကောင်းစွာနဲ့ပဲ ကောင်းမွန်တဲ့ နည်းပြတစ်ဦးက အင်္ဂလန်ကို ရောက်လာတော့မယ်။ ရက်ဖ်က အလွန်အတွေ့အကြုံရှိတယ်ဆိုတာ ထင်ရှားပြီး ဟော့ဖမ်ဟိမ်နဲ့ လိုက်ဇစ်အသင်းတွေကို အသင်းကောင်းတွေအနေနဲ့ တည်ဆောက်နိုင်ခဲ့တယ်။ ယူနိုက်တက်အသင်းအနေနဲ့ ကွင်းထဲမှာ စည်းလုံးညီညွှတ်မှုရှိလာတော့မှာဖြစ်ပြီး တခြားအသင်းတွေအတွက်တော့ သတင်းကောင်းမဟုတ်တာက အရှိတရားဖြစ်ပါတယ်။”
ဒါပေမယ့် နည်းပြတိုင်းက အချိန်တစ်ခုလိုအပ်ပြီး ရက်ဖ်ရင်းနစ်အနေနဲ့လည်း အဲဒီအချက်ကို သိမြင်နေလိမ့်မယ်လို့လည်း ကလော့ပ်က မှတ်ချက်ပေးခဲ့ပါတယ်။