မက္ကဆီကိုတွင် ဘတ်စ်ကားက လူနေအိမ်ကိုဝင်တိုက်မိသဖြင့် ၁၉ ဦး သေဆုံး

မက္ကဆီကိုနိုင်ငံ၊ မက္ကဆီကိုစီးတီးမြို့အနီးရှိ နေအိမ်တစ်လုံးကို နိုဝင်ဘာ ၂၆ ရက်က ဘတ်စ်ကား တစ်စီးက တိုက်မိပြီးနောက်မှာ အနည်းဆုံး လူ ၁၉ ယောက် သေဆုံးကာ အယောက် ၃၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။
ခရီးသည်တင်ဘတ်စ်ကားဟာ မက္ကဆီကိုပြည်နယ်ရှိ ဒေသန္တရဘာသာရေး ဘုရားကျောင်းကို တခုကို ဦးတည်သွားစဉ် ကားတိုက်မှုဖြစ်ခဲ့တာပါ။ ယာဉ်မောင်းက ချာလ်မာမြို့ကို ဖြတ်လမ်းကို ဖြတ်ဖို့ ရည်ရွယ်ခဲ့ပြီး ဘတ်စ်ကားဘရိတ် မမိလို့ မတော်တဆမှုဖြစ်ခဲ့တာပါလို့ ပြည်သူ့ကာကွယ်ရေးအရာရှိ ဗန်နက်ဆာက ပြောပါတယ်။
ယာဉ်မောင်းဟာ ဘရိတ်ချို့ယွင်းကြောင်း သတင်းပို့ပြီးနောက်မှာ သူ့ရဲ့လမ်းကြောင်းကို ရပ်တန့်ဖို့ ကြိုးပမ်းခဲ့သေးတယ်လို့ ဒေသခံတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောကြားပါတယ်။
ဘရိတ်က တုံ့ပြန်မှု မရှိတော့တာ၊ အပူလွန်ကဲတာကြောင့် ဖြစ်နိုင်တယ်လို့ ယူဆမိကြောင်း ဒေသခံ တယောက်က ပြောပါတယ်။
ယာဉ်မောင်းက ဘရိတ်မမိပဲ ဆက်မောင်းနေပြီးတဲ့နောက်မှာတော့ တနေရာကို ဝင်တိုက်ပြီး ရပ်လိုက်ဖို့ ဆုံးဖြတ်ခဲ့ပုံရပြီး ကံမကောင်းချင်တော့ သူလည်း သေဆုံးသူတွေထဲ ပါသွားတယ်လို့ ဆိုပါတယ်။ ဒီမတော်တဆမှုနဲ့ပတ်သက်ပြီး ပြည်နယ်တာဝန်ရှိသူတွေက ထုတ်ပြန်ခြင်း မရှိသေးပါဘူး။