စင်ကာပူဝန်ကြီးချုပ်နှင့် မလေးရှားဝန်ကြီးချုပ်တို့ နယ်စပ်ဂိတ် ပြန်ဖွင့်ပွဲတွင် တွေ့ဆုံ

စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနဲ့ မလေးရှားဝန်ကြီးချုပ် အစ်မေးလ်ဆာဘရီယာကွတ်ဘ်တို့ဟာ နိုဝင်ဘာ ၂၉ ရက်က နှစ်နိုင်ငံ နယ်စပ်ပြန်ဖွင့်ပွဲမှာ လူချင်းတွေ့ဆုံနှုတ်ဆက်ခဲ့ကြပါတယ်။
ကမ္ဘာ့လူအစည်ကားဆုံး ကုန်းမြေနယ်စပ်တွေထဲကတခုဖြစ်တဲ့ စင်ကာပူ-မလေးရှား နယ်စပ်ကို ပြန်ဖွင့်လို့ ကာကွယ်ဆေးထိုးထားပြီးသား ခရီးသည်တွေကို နယ်စပ်ဖြတ်ဖို့ ခွင့်ပြုလိုက်ပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှုကြောင့် ၂ နှစ်နီးပါး ပိတ်ထားတဲ့ ဝုဒ်လန်းစ် နယ်စပ်ဖြတ်ကူးရေး စခန်းရဲ့ စစ်ဆေးရေးဂိတ်မှာ ဘတ်စ်ကားဘေးကိုရပ်ရင်း ခေါင်းဆောင် ၂ ယောက်ဟာ လက်ဝှေ့ယမ်း စကားပြောရင်း လက်သီးချင်းထိလျက် နှုတ်ဆက်နေကြပုံရုပ်သံကို စင်ကာပူ ဝန်ကြီးချုပ်ရုံးက ထုတ်လွှင့်ပြသပါတယ်။
ဒီခရီးစဉ်ဟာ မလေးရှားဝန်ကြီးချုပ်အတွက် စင်ကာပူကို ဝန်ကြီးချုပ်အနေနဲ့ ပထမဆုံး တရားဝင် အလည်အပတ် ခရီးစဉ် ဖြစ်လာပါတယ်။
ဒီဇင်ဘာလလယ်ကနေ နောက်ပိုင်းကစပြီး ပြန်ဖွင့်ရေး စီမံကိန်းထဲမှာ ယေဘုယျ ခရီးသည်တွေကိုပါ ထည့်ဝင် လည်ပတ်ခွင့်ပြုဖို့ နှစ်နိုင်ငံလုံးက ရည်မှန်းထားတယ်လို့ လီရှန်လွန်း ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
နောက်ဆုံး အစီအစဉ်အောက်မှာ နေ့စဉ် နှစ်ဘက်စလုံးက ခရီးသည်ဦးရေ ၁၄၄၀ စီဟာ ရောဂါခြေချုပ်နဲ့ နေစရာမလိုဘဲ ကုန်းမြေနယ်စပ်ကို ဖြတ်ကျော်နိုင်မှာပါ။ သူတို့ဟာ သွားမယ့်နိုင်ငံမှာ နိုင်ငံသား၊ အမြဲတမ်းနေထိုင်ခွင့် ဒါမှမဟုတ် ကာလရှည်ပြည်ဝင်ခွင့် ကိုင်ဆောင်ထားဖို့တော့ လိုပါတယ်။
ကူးစက်ကပ်ဘေးမဆိုက်ခင်က မလေးရှား ပြည်သူ ၃ သိန်းလောက်ဟာ စင်ကာပူကို နေ့တိုင်း သွားလေ့ရှိပါတယ်။
၂၀၂၀ မတ်လမှာ နယ်စပ်ကို ရုတ်တရက် ပိတ်လိုက်ချိန်မှာတော့ ထောင်သောင်းချီနေတဲ့ နှစ်နိုင်ငံစလုံးက လူတွေဟာ တဘက်စီမှာ မိသားစု အလုပ်အကိုင်တွေနဲ့ ခွဲရင်း သောင်တင် နေခဲ့ကြပါတယ်။