ကိုရိုနာ အိုမီခရွန်မျိုးကွဲ၏အချက်အလက်များ ရက်ပိုင်းတွင်းရနိုင်ရန် WHO မျှော်လင့်

ကိုရိုနာဗိုင်းရပ်စ်ရဲ့ အိုမီခရွန်ဗီဇမျိုးကွဲအသစ် ကူးစက်နိုင်စွမ်းနဲ့ ပတ်သက်တဲ့ ပိုများတဲ့ အချက်အလက်တွေကို ရက်ပိုင်းအတွင်းရဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က မျှော်လင့်တယ်လို့ ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ နည်းပညာမှူး မာရီယာ ဗန် ခါခို့ဗ်က ဒီဇင်ဘာ ၁ ရက် သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောလိုက်ပါတယ်။
တောင်အာဖရိကမှာ ပထမဆုံးတွေ့ခဲ့တဲ့ အိုမီခရွန် ဗီဇမျိုးကွဲသစ်ဟာ လက်ရှိ ကြီးစိုးနေတဲ့ ဒယ်လ်တာ ဗီဇမျိုးကွဲထက်ပိုပြီး ကူးစက်နိုင်ကောင်း ကူးစက်နိုင်ပေမယ့် ကူးစက်ခံတွေ ဝေဒနာ ပိုပြင်းပြင်းထန်ထန် ခံရမလားဆိုတာနဲ့ ပတ်သက်ပြီး မသိရသေးဘူးလို့ ဗန်ခါခို့ဗ်က ပြောခဲ့ပါတယ်။
WHO ရဲ့ အမြင့်ဆုံး သတ်မှတ်ချက်ဖြစ်တဲ့ စိုးရိမ်ရတဲ့ ဗီဇမျိုးကွဲအဖြစ် သတ်မှတ်အပြီးမှာ ဒီဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို သီတင်းပတ်တွေအတွင်း အကဲ ဖြတ်ချင့်တွက်မယ်လို့ WHO က အရင်အပတ်က ပြောထားပါတယ်။
ဒီပိုးက ပိုကူးနိုင်သလား ဒါမှမဟုတ် ကာကွယ်ဆေး မတိုးဘူးလား စတဲ့ မေးခွန်းတွေအတွက် လောလောဆယ် အဖြေမရှိသေးပါဘူး။
အိုမီခရွန် ဗီဇမျိုးကွဲအပေါ် လက်ရှိထုတ်လုပ်ပြီးသား ကာကွယ်ဆေးက သက်ရောက်မှု ရှိမရှိ၊ ဆေးတိုးမတိုး အကဲဖြတ်ဆုံးဖြတ်နိုင်ဖို့ သီတင်းပတ် ၂ ပတ်လောက် အချိန်ယူရလိမ့်မယ်လို့ ကာကွယ်ဆေး ထုတ်လုပ်သူတွေက ပြောထားပါတယ်။
လက်ရှိ ထုတ်လုပ်ထားပြီးသား ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေးတွေဟာ အိုမီခရွန် ဗီဇမျိုးကွဲ ကိုလည်း ကာကွယ်နိုင်မယ်လို့ ယုံကြည်တယ်လို့ WHO ရဲ့ သိပ္ပံပညာရှင် အကြီးအကဲ ဆောင်မြ ဆွာမိနာသန်က ပြောထားပါတယ်။