ဥရောပတိုက်က ကိုဗစ်ကူးစက်ခံဦးရေ အမြင့်ဆုံးဖြစ်နေဟု WHO ပြော

ဥရောပတိုက်တလွှားမှာ ကပ်ဘေးစတည်းက ခုထိအတွင်း လတ်တလောမှာ ကိုဗစ်-၁၉ ကပ်ရောဂါ အပတ်စဉ် ကူးစက်ခံဦးရေဟာ အမြင့်ဆုံးဖြစ်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကျင်းပတဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
ဥရောပဒေသတလွှား နိုဝင်ဘာ ၁ ရက်ကနေ ၇ ရက်အကြား ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံ အတည်ပြု လူနာအရေအတွက် ၂ သန်းနီးပါး ရှိပြီး ဒါဟာ ကူးစက်ရောဂါ စတည်းက စံချိန်တင် မြင့်တက်တဲ့ နှုန်းလို့ ဆိုပါတယ်။
အရင်အပတ်က ဥရောပမှာ ဗိုင်းရပ်စ်ကြောင့် အသစ်သေဆုံးသူ ဦးရေ ၂ သောင်း ၇ ထောင်နီးပါး ရှိပြီး အဲဒီကာလအတွင်း တကမ္ဘာလုံး အသစ်သေဆုံးသူ ဦးရေ တဝက်ကျော် ရှိနေတယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ဥရောပနိုင်ငံ တချို့ဟာ လတ်တလောမှာ ဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်ဖို့ ကန့်သတ်ထားတဲ့ လုပ်ဆောင်ချက်တွေကို ပြန်အသက်သွင်းနေတယ်လို့ WHO အတွင်းရေးမှူးချုပ် တေဒရို့စ် အဒါနွန် ဂေဘရီယေးဆပ်က ပြောထားပါတယ်။
WHO ရဲ့ နောက်ဆုံး သတင်းအချက်အလက်တွေအရ သောကြာနေ့ ဗဟိုဥရောပအချိန်အထိ ကမ္ဘာတလွှား ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံဦးရေ ၂၅၁ သန်းရှိပြီး လူ ၅,၇၇၉,၇၀၀ သန်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။