close

အောင်လံမြို့နယ် ဓာတ်မြေသြဇာစက်ရုံလိုင်းခန်းနေ CDM ဝန်ထမ်းများကို ဖယ်ရှား

မကွေးတိုင်း၊ အောင်လံမြို့နယ်၊ ကျော်စွာဓာတ်မြေသြဇာစက်ရုံက ဝန်ထမ်းလိုင်းခန်းတွေမှာ နေတဲ့ အာဏာဖီဆန် CDM လှုပ်ရှားမှုမှာပါဝင်တဲ့ ဝန်ထမ်းတွေကို ဒီဇင်ဘာလ ၃ ရက်နေ့ကစပြီး စစ်ကောင်စီက အင်အားသုံး ဖယ်ရှားနေတယ်လို့ သိရပါတယ်။

CDM ဝန်ထမ်း ၁ ဦးက ''အရင်ရက်တွေကတည်းက သူတို့လာလိမ့်မယ်လို့ သတင်းရထားလို့ ကြိုပြီးရှောင်နေကြတော့ အဖမ်းခံရတဲ့သူတော့ မရှိပါဘူး။ အသုံးအဆောင်ပစ္စည်းတွေတော့ ကျန်နေခဲ့တာပေါ့။ စစ်သားတွေက လိုင်းခန်းက ပစ္စည်းတွေကို သူတို့ကားတွေပေါ်တင်ပြီး ယူသွားကြတယ်လို့ သိရတယ်။ သူတို့က စစ်ကား ၅ စီး၊ အင်အားအပြည့်လာကြတာ'' လို့ ပြောပါတယ်။

ကျော်စွာဓာတ်မြေသြစာစက်ရုံဟာ စက်ရုံလည်ပတ်ဖို့ ဂက်စ်လုံလောက်စွာ မရရှိတဲ့အတွက် စပ်ဆိုင်းထားရတာ ကြာမြင့်ပြီလို့ သိရပါတယ်။

စက်ရုံဝန်ထမ်းတဦးက ''စကစက စက်ရုံပြန်လည်ဖို့ကြိုးစားနေပုံပေါ်တယ်ဗျ။ အရင်တုန်းကတော့ ဝန်ထမ်း ၂၅၀ လောက်ရှိတယ်။ ၈၀ ဝန်းကျင်လောက်က CDM ဝင်သွားကြတော့ လူအသစ်ပြန်ခန့်ဖို့ လုပ်နေတယ်လို့လည်း ကြားတယ်'' လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အရပ်သားအစိုးရဆီကနေ အာဏာသိမ်းချိန်ကစတင်ပြီး ဌာနပေါင်းစုံက ဝန်ထမ်းအချို့ဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ပြုလုပ်နေကြကာ ၁၀ လကျော်ကြာမြင့်ချိန်အထိ ပြေးလွှား တိမ်းရှောင်ရင်း ချို့ချို့တဲ့တဲ့နဲ့ ဘဝကိုဖြတ်သန်းနေကြရပြီး စစ်အာဏာရှင်အမြတ်ပြတ်တဲ့အထိ ပြည်သူနဲ့အတူ တိုက်ပွဲဝင်သွားမယ်လို့ CDM ပြုလုပ်နေသူတွေဆီက သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up