ချဲလ်ဆီးကစားသမားများ တစ်ဦးချင်းအမှားနည်းရန် လိုအပ်ဟု နည်းပြတူချယ်ပြော

ချဲလ်ဆီးကစားသမားတွေအနေနဲ့ တစ်ဦးချင်းအမှားတွေ နည်းဖို့လိုအပ်တယ်လို့ နည်းပြတူချယ်က ပြောပါတယ်။
ချဲလ်ဆီးအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာ တစ်ဦးချင်းအမှားတွေနဲ့အတူ ၃ ဂိုး ၂ ဂိုးနဲ့ ရှုံးပွဲတွေ့ခဲ့ပါတယ်။
ခြေစွမ်းအရ အနိုင်ရသင့်ခဲ့ပေမယ့် တစ်ဦးချင်းအမှားတွေ များလွန်းခဲ့တာက ပွဲကို အဆုံးအဖြတ်ပေးခဲ့တယ်လို့ တူချယ်က ပြောပါတယ်။
“မန်ချက်စတာယူနိုက်နဲ့ ဝက်ဖို့ဒ်ပွဲစဉ်တွေမှာလည်း ကျနော်တို့ အမှားတွေကျူးလွန်ခဲ့ပြီးပါပြီ။ ဒီပွဲမှာလည်း အမှားတွေကြောင့် အပြစ်ပေးခံလိုက်ရပြန်ပြီ။ ဒီလိုပွဲမျိုးတွေမှာ ရလဒ်ကောင်းချင်ရင် အမှားနည်းဖို့လိုပါတယ်။ ဒါတွေကို ပွဲမတိုင်ခင်ကလည်းပြောပြီးသားပါ။ ဒီအမှားတွေက အသင်းကို မကူညီနိုင်တာ သိသာ ထင်ရှားလွန်းပါတယ်” လို့ တူချယ်ကပွဲအပြီးမှာပြောပါတယ်။
ချဲလ်ဆီးအသင်းဟာ သီယာဂို ဆေးလ်ဗားနဲ့ မေဆန်မောင့်တို့ရဲ့ ဂိုးတွေနဲ့ ၂ ကြိမ်တိုင် ဦးဆောင်ခဲ့ပေမယ့် ဂိုးသမား မန်ဒီနဲ့ နောက်ခံလူ တချို့ရဲ့အမှားတွေကနေ ဝက်စ်ဟမ်းက ချေပဂိုးတွေအပြင် အနိုင်ဂိုးပါရခဲ့တာဖြစ်ပါတယ်။