အိုရီဂီကို ပွဲကစားချိန်ပိုပေးသည့်နည်းပြနှင့် တွေ့စေချင်ဟု လီဗာပူးနည်းပြပြော

တိုက်စစ်မှူး အိုရီဂီအနေနဲ့ တချိန်မှာ ပွဲကစားချိန်ပိုပေးတဲ့ နည်းပြနဲ့ တွေ့စေချင်တယ်လို့ လီဗာပူး နည်းပြ ယာဂန်ကလော့ပ်က ပြောပါတယ်။
ဘယ်လ်ဂျီယံတိုက်စစ်မှူး အိုရီဂီဟာ ဆာလာ၊ မာနေး၊ ဖေမီနိုနဲ့ ဂျိုတာတို့ရဲ့နောက်မှာ အရန်ကစာသမားအဖြစ် သတ်မှတ်ခံထားရတာပါ။
မနေ့ညက ဝုဗ်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့အနိုင်ရတဲ့ပွဲမှာတော့ အိုရီဂီက ပွဲချိန် ၆၈ မိနစ်မှာ လူစားဝင်ကစားခဲ့ပြီး ပွဲပြီးခါနီးမှာ အနိုင်ဂိုးသွင်းယူပေးခဲ့ပါတယ်။
ပွဲအပြီးမှာတော့ နည်းပြ ယာဂန်ကလော့ပ်က အိုရီဂီကို ချီးကျူးခဲ့ပြီး မိမိထက် ပွဲကစားချိန်ပိုပေးတဲ့နည်းပြနဲ့ တွေ့ဆုံစေလိုကြောင်း ပြောခဲ့တာပါ။
“အိုရီဂီက သူရဲကောင်း တစ်ဦးဖြစ်ပြီး အနိုင်ဂိုးသွင်းခဲ့တာက ခမ်းနားတဲ့စွမ်းဆောင်မှုပါ။ ကွဲပြားခြားနားတဲ့ အကြောင်းအရင်းတွေကြောင့် သူဟာ မကြာခဏ ပွဲကစားခွင့်မရခဲ့ပါဘူး။ ဒါပေမယ့် တစ်နေ့မှာတော့ ကျနော့်ထက်ပွဲကစားချိန်ပိုပေးတဲ့ နည်းပြနဲ့ ဆုံဖို့မျှော်လင့်ပါတယ်။ သူဟာ ကျနော်မြင်ဖူးသမျှ အကောင်းဆုံး အဆုံးသတ်ကစားသမားတစ်ဦးပါပဲ” လို့ ပွဲအပြီးမှာ နည်းပြ ယာဂန်ကလော့ပ်က ပြောပါတယ်။
အိုရီဂီကတော့ အကောင်းဆုံးကြိုးစားခဲ့ပြီး ဒီလိုပွဲစဉ်တွေမှာ ဂိုးသွင်းနိုင်ခဲ့လို့ ပျော်ရွှင်မိတယ်လို့ ပွဲအပြီးမှာ ပြောသွားပါတယ်။