ယူကရိန်းစစ်ရဟတ်ယာဉ် နယ်စပ်ကို ချိုးဖောက်ဝင်ရောက်ဟု ဘဲလာရုစ်စွပ်စွဲ

ယူကရိန်းစစ်ရဟတ်ယာဉ်တစီးဟာ စစ်ရေးလေ့ကျင့်နေတုန်း ဘဲလာရုစ်နယ်စပ်ကို ချိုးဖောက် ဝင်ရောက်လာပြီး ဘဲလာရုစ်ပိုင်နက်ထဲကို တစ်ကီလိုမီတာအထိ ပျံသန်းဝင်ရောက်ခဲ့တယ်လို့ ဘဲလာရုစ်အစိုးရ နယ်ခြားစောင့်တပ်က စွပ်စွဲခဲ့တယ်လို့ ဒီဇင်ဘာ ၄ ရက်နေ့ ရုရှားအခြေစိုက် RIA သတင်းမှာ ဖော်ပြပါတယ်။
နယ်စပ်နားကို ရောက်နေတဲ့ ရဟတ်ယာဉ်ရဲ့ပုံကို ပြထားတဲ့ ရုပ်သံကိုလည်း ဘဲလာရုစ်နယ်စပ် ကော်မတီက ထုတ်လွှင့်ပြသပါတယ်။
ယူကရိန်းနဲ့ ပတ်သက်ပြီး ဒေသတွင်းမှာ အခြေအနေ တင်းမာနေချိန် စွဲချက်ထွက်လာတာဖြစ်ပြီး ယူကရိန်းအစိုးရဘက်က မှတ်ချက် ချက်ချင်း မပေးသေးပါဘူး။
အနောက် ဥရောပနိုင်ငံတွေကလည်း ရုရှားဟာ စစ်အင်အားတိုးပြီး နယ်စပ်မှာ ချထားနေလို့ ယူကရိန်းကို ဝင်တိုက်မယ့် ဖြစ်နိုင်ချေအတွက် စိုးရိမ်နေတယ်လို့ ပြောပါတယ်။
ရုရှားကတော့ ကျူးကျော်သိမ်းပိုက်မယ့် ဘယ်လိုအစီအစဉ်မှ မရှိဘူးလို့ ငြင်းရင်း ယူကရိန်းကသာ စစ်ပြင်နေတာလို့ တန်ပြန် စွပ်စွဲပါတယ်၊
ဘဲလာရုစ် နိုင်ငံဟာ ရုရှားရဲ့ မဟာမိတ်လည်း ဖြစ်ပါတယ်။